မူလ / ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၄) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

၁။ ဒီမိုကရေစီကို လိုလားကြသည့် မြန်မာပြည်သူတစ်ရပ်လုံးက မိမိတို့၏ လိုလားချက်နှင့် သဘောထားဆန္ဒအမှန်ကို ရဲဝံ့စွာ ဖော်ထုတ်နိုင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် ယနေ့ဆိုလျှင် (၄) နှစ်ပြည့် ဖြစ်ပါသည်။ အရပ်သားအစိုးရက ကျင်းပသည့် ပထမဆုံးသော ရွေးကောက်ပွဲကြီးသည် လွတ်လပ်၍ တရားမျှတမှု ရှိခဲ့သည်သာမက ပြည်သူ့ဆန္ဒ အမှန်ဖြစ်သည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာ‌ဏာသိမ်းယူ‌မှုနောက် နိုင်ငံတဝှမ်းဆန္ဒပြမှုများနှင့် လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်နေကြသည့် ခုခံတွန်းလှန်မှုများက သက်သေပြလျက်ရှိပါသည်။

၂။ အကြမ်းဖက်စစ်တပ်က လက်နက်အင်အားဖြင့် တည်ဆဲအရပ်သားအစိုးရထံမှ နိုင်ငံတော် အာဏာကို ဥပဒေမဲ့လုယူခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်ပုန်ကန်မှုရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမျှ ရာဇဝတ်မှုကို ကျူးလွန်ခဲ့သည်သာမက ဥပဒေမဲ့အာဏာသိမ်းမှုနောက် နိုင်ငံတော်အာဏာအား ဆက်လက်ထိန်းချုပ်ထားနိုင်ရန် နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများအား အပြစ်မဲ့ ဖမ်းဆီး ထောင်ချခြင်း၊ သေစေနိုင်လောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်း၊ ဆေးကုသခွင့်မပေးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာ၊ မြို့များရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အုံများနှင့် စစ်ဘေးရှောင် စခန်းများကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို လူမဆန်စွာ ကျူးလွန် လုပ်ဆောင်ခဲ့ပါသည်။ မကြာသေးမီက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါကျေးရွာမှ ပြည်သူ များအား ဦးခေါင်းနှင့် ခန္ဓာကိုယ်များကို ခုတ်ထစ်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါသည်။

၃။ ပွင့်လင်းမြင်သာမှုရှိသည့် ယနေ့အချိန်မှာပင် အကြမ်းဖက်စစ်တပ်က ရာ‌ဇဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန်လုပ်ဆောင်လျက်ရှိရာ ထိုပြစ်မှုများအပြင် ခေတ်အဆက်ဆက်၌ တိုင်းရင်းသားလူနည်းစုများ၊ ရိုဟင်ဂျာလူမျိုးများအပါအဝင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးတို့အတွက် လုပ်ဆောင်ခဲ့သူများအပေါ် ရက်စက်စွာ ကျူးလွန်လုပ်ဆောင် ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ယခုထက်ပိုမိုသော ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများရရှိရန် လွှတ်တော် ကဏ္ဍမှ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေ သည့် အကြမ်းဖက်စစ်ကောင်စီအား ပံ့ပိုးကူညီခြင်းများသည် အကြမ်းဖက်လုပ်ရပ်များကို လက်ခံ အသိအမှတ်ပြုခြင်းဖြစ်ကာ လက်ရှိပဋိပက္ခကို ပိုမိုကြီးထွားစေရန် ပံ့ပိုးနေခြင်းပင်ဖြစ်သဖြင့် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်ထုတ်ဖော်ပြီး တားမြစ်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

၄။ ယနေ့အချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၅ ခုနှစ်တွင် အတုအယောင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက်လည်း လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက်စစ်တပ်သည် နိုင်ငံ‌တော်အာဏာအား လုယူထားသည့် အကြမ်းဖက်အဖွဲ့အစည်း တစ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲအား ကျင်းပရန် လုပ်ပိုင်ခွင့်မရှိပါ။ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြုထားသည့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ တရားဝင်ရွေးကောက်ပွဲ ဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပံ့ပိုး ကူညီနေမှုသည် ဒီမိုကရေစီ၏ အနှစ်သာရကို ပျက်ယွင်းစေသည်သာမက မြန်မာပြည်သူတို့၏ ဆန္ဒကို မလေးစားခြင်းအဖြစ် ပုံဖော်လျက်ရှိပါသည်။

၅။ အာဏာသိမ်းစစ်ကောင်စီ၏ မတရား ဟန့်တားနှောင့်ယှက်မှုများရှိသည့်ကြားမှပင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဒီမိုကရေစီနည်းကျ ရွေးကောက် ခံခဲ့ကြရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် နည်းပညာကို အသုံးပြုပြီး လွှတ်တော်လုပ်ငန်း များကို အွန်လိုင်းမှတစ်ဆင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းကာ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် ဖွဲ့စည်းတာဝန်‌ပေးအပ်နိုင်ခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အွန်လိုင်းနှင့်မြေပြင်တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန် များကို ထမ်းဆောင်‌နေသည်သာမက အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများနှင့်အုပ်ချုပ်ရေးယန္တရားကို ကျယ်ကျယ်ပြန့်ပြန့် ဆောက်ရွက်လျက်ရှိပါသည်။

၆။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အများစုသည် ပြည်သူ့ဆင့်လွှဲအာဏာအရ လွှတ်တော်လုပ်ငန်းများကို ဆက်လက်ထမ်းဆောင်နေ ခြင်းကြောင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ် ဆက်လက် သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအား တရားဝင်လွှတ်တော်အဖွဲ့အစည်းအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ တွင် ကျင်းပခဲ့သည့် (၁၄၂) ကြိမ်မြောက်၊ နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါသည်။

၇။ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် တရားမဝင်အာဏာသိမ်းသည့်နေ့မှပင် ဥပဒေမဲ့အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ် ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးတို့အတွက် ရှင်းလင်းပြတ်သားသော နိုင်ငံရေး ရည်မှန်းချက်ကို အများပြည်သူသို့ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ယင်းနိုင်ငံရေး ရည်မှန်းချက်များ နှင့်အညီ အမျိုးသားညီညွတ်ရေး၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် ရေးဆွဲရေးတို့ကို ဦးဆောင်ကြိုးပမ်းခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်နှင့် ဥပဒေမူဘောင် ခိုင်မာအားကောင်းလာစေရေးအတွက် သက်ဆိုင်ရာ အင်အားစုများနှင့်အတူ လက်တွဲကြိုးပမ်း‌လျက် ရှိပါသည်။

၈။ ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အဖက်ဖက်မှ ကျရှုံးမှုများကို ကြီးမားစွာ ရင်ဆိုင်နေရပြီး တော်လှန်ရေးအင်အားစုများသည် သိသာထင်ရှားသောအောင်မြင်မှုများ ရရှိ ပိုင်ဆိုင်နေချိန်တွင် ဒီမိုကရေစီအင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များ အပါအဝင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပေးအပ်ရန် ထပ်လောင်း တောင်းဆို တိုက်တွန်းအပ်ပါသည်။

၉။ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တခဲနက် ရဲဝံ့စွာ ဆန္ဒထုတ်ဖော်ပေးခဲ့ ကြသည့် ပြည်သူလူထုနှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် ပါဝင်ကြိုးပမ်းနေကြသည့် ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီထံ လက်နက်များနှင့် စစ်ဘက်သုံး အသုံးအဆောင်များအား ထောက်ပံ့ ပေးနေသည့် လူပုဂ္ဂိုလ် ၃ ဦးနှင့် အဖွဲ့အစည်း ၄ ခုအပေါ် မကြာသေးမီက ဗြိတိန်နိုင်ငံ၊ ကနေဒါနိုင်ငံ နှင့် ဥရောပသမဂ္ဂတို့က ပူးတွဲပိတ်ဆို့အရေးယူခဲ့မှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ထပ်လောင်း ဖော်ပြအပ်ပါသည်။ အလားတူ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးကြိုးပမ်းမှုအတွက် ပံ့ပိုးကူညီ ခဲ့ကြသည့် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ယနေ့တွင် ထပ်လောင်း မှတ်တမ်းတင် ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top