မူလ / အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံလွှတ်တော်များ ညီလာခံနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံလွှတ်တော်များ ညီလာခံနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်

၁။ “မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် ပံ့ပိုးကူညီခြင်းတွင် လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆုံးဖြတ်ချက်” အပါအဝင် ဆုံးဖြတ်ချက် (၃၀) ခုအား အတည်ပြု ချမှတ် နိုင်ခဲ့သည့် (၄၄) ကြိမ်မြောက် အာဆီယံလွှတ်တော်များ ညီလာခံအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် AIPA လွှတ်တော်အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အိမ်ရှင် အင်ဒိုနီးရှားလွှတ်တော်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ချီးကျူးဂုဏ်ပြုပါသည်။

၂။ မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် စိုးရိမ်ပူပန်ချက်များနှင့် ကတိကဝတ်များကို ထုတ်ဖော်ပြောကြားခဲ့မှုများအတွက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

၃။ အရှေ့တောင်အာရှနှင့် မိမိတို့ဒေသတွင်းအလွန် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာ ဝပြောရေးတို့ကို ထိန်းသိမ်းခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို ခိုင်မာစေရန် အထောက်အကူပြုမည့် ဆုံးဖြတ်ချက်များအား အောင်မြင်စွာ ချမှတ်နိုင်ခဲ့ခြင်းအတွက် AIPA အဖွဲ့ဝင် လွှတ်တော်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

၄။ “မြန်မာနိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် ပံ့ပိုးကူညီခြင်းတွင် လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း ဆုံးဖြတ်ချက်” အတွက် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းဖော်ပြ လိုပါ သည်။ ယင်းဆုံးဖြတ်ချက်အား အတည်ပြုချမှတ်နိုင်ခဲ့ခြင်းသည် အာဆီယံလွှတ်တော်ကိုယ်စားလှယ် များ၏ စုစည်းညီညွတ်မှုကို ပြသခဲ့ခြင်းဖြစ်ပါသည်။

၅။ ဒေသတွင်းစိန်ခေါ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အာဆီယံရှိ AIPA အဖွဲ့ဝင် လွှတ်တော်များနှင့် မိတ်ဆွေလွှတ်တော်ကိုယ်စားလှယ်များ အတူတကွလုပ်ဆောင်ရန် ကတိကဝတ် ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ကျွန်ုပ်တို့အနေဖြင့် ဆန္ဒရှိသည့်အတိုင်း ဖော်ပြလိုပါသည်။

၆။ မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းသော ဖြေရှင်းမှုအား အားကောင်းလာစေရန် ကျွန်ုပ်တို့၏ လုပ်ဆောင်နေမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒအပေါ်တွင် အခြေပြုပါသည်။ မြန်မာနိုင်ငံတွင် အရပ်သားအစိုးရပေါ်ပေါက်ရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရန်သည် ကျွန်ုပ်တို့၏ အဓိကအရေးကြီးသော နိုင်ငံရေးမျှော်မှန်းချက် ဖြစ်ပါသည်။

၇။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စုပေါင်းပေးအပ်နိုင်ရေး၊ AIPA လေ့လာသူလွှတ်တော်များနှင့် ဆွေးနွေးညှိနှိုင်းရန် သင့်လျော်သောအဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်း နိုင်ရေး နည်းလမ်းရှာရန် AIPA အဖွဲ့ဝင်လွှတ်တော်များ၏ ဆုံးဖြတ်ချက်အား ကြိုဆိုပြီး ပူးပေါင်း လုပ်ဆောင်ရန် အဆင်သင့်ရှိမှုကို ပြောကြားလိုပါသည်။ တရားမဝင် အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူများအပေါ်၌ အလွန်ဆိုးရွားသော အကြမ်းဖက်မှုများကို သိသိသာသာတိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် AIPA ၏ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမှုကို အရေးတကြီးလုပ်ဆောင်ရန် လေးလေး နက်နက် ပြောကြားလိုပါသည်။

၈။ (၂) နှစ်ကျော် ကာလအတွင်း တိုးတက်မှုအနည်းငယ်သာရှိသော်လည်း အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အား အာဆီယံ၏ တည်ဆဲအကိုးအကားအဖြစ် ကျွန်ုပ်တို့ အသိအမှတ် ပြုသကဲ့သို့ အာဏာသိမ်းစစ်တပ်က ပူးပေါင်းဆောင်ရွက်မှုမရှိသော်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများ၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို အသိအမှတ်ပြုပါသည်။

၉။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အား အချိန်မီ ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ သက်ဆိုင်ရာအစိုးရများသို့ တိုက်တွန်းပေးရန် AIPA အဖွဲ့ဝင်လွှတ်တော်များအားလုံးကို တောင်းဆို ပါသည်။

၁၀။ အာဆီယံအနေဖြင့် များစွာသောစိန်ခေါ်မှုများကို ကြုံတွေ့နေရချိန်တွင် အာဆီယံရှိ လွှတ်တော်ကိုယ်စားလှယ်များသည် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိမှုကို ကျွန်ုပ်တို့ အသိ အမှတ်ပြုပါသည်။ အာဆီယံရှိ ပြည်သူအားလုံးအတွက် AIPA ကို ဖွဲ့စည်းတည်ထောင်ထားသည့် နည်းတူ ကျွန်ုပ်တို့ဒေသတွင် ကြုံတွေ့နေရသည့်စိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန် AIPA သည် ကျွန်ုပ်တို့၏ စုပေါင်းရပ်ဝန်းဖြစ်သည်ကို ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။

၁၁။ သို့သော် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ခိုင်မာစေရန် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ပိုမိုလိုအပ်လျက်ရှိပြီး အဖွဲ့ဝင်လွှတ်တော်များ အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် ကူညီဖြေရှင်းသွားရမည် ဖြစ်ပါသည်။

၁၂။ ကျွန်ုပ်တို့သည် လက်ရှိကြုံတွေ့နေရသည့်ပဋိပက္ခအား အဆုံးသတ်နိုင်ရန်နှင့် မြန်မာ နိုင်ငံအသစ်အား စနစ်သစ်၊ နိုင်ငံတကာလူ့အခွင့်အရေးစံတန်ဖိုးများနှင့် တည်ဆောက်သွားနိုင်ရန် နိုင်ငံအတွင်းရှိ ဒီမိုကရက်တစ် ဦးဆောင်သူများနှင့်အတူ လက်တွဲလုပ်ဆောင်နေသော မြန်မာ ပြည်သူလူထုက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်ရွေးကောက် တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ တရားမဝင် ဒီမိုကရေစီ နည်းမကျသော စစ်အုပ်ချုပ်ရေးနှင့် ၎င်းတို့၏ နိုင်ငံတစ်ဝှမ်း ကျူးလွန်လျက်ရှိသည့် ဆိုးရွားသော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးနှင့် ထာဝရတည်ငြိမ် အေးချမ်းရေးတို့ကို ဖော်ဆောင်နိုင် ရေးအတွက် ကျွန်ုပ်တို့နှင့်အတူ လက်တွဲလုပ်ဆောင်ရန် AIPA အဖွဲ့ဝင်လွှတ်တော်များနှင့် လေ့လာသူ လွှတ်တော်များအား ထပ်လောင်းဖိတ်ခေါ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top