မူလ / ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက် 

၁။           နွေဦးတော်လှန်ရေးနှင့်အတူ စတင်မွေးဖွားလာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ယနေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ လူထုဆန္ဒပြမှုများ၊ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှုတို့ဖြင့် စတင်ခဲ့သည့် နွေဦးတော်လှန်ရေး၏ အစောဆုံးကာလအချိန်တွင် ပဋိညာဉ်ကို ထုတ်ပြန်ကြေညာနိုင်ခဲ့ခြင်းသည် စစ်အာဏာသိမ်းမှုအပေါ် ပြည်သူတို့၏ ဆန့်ကျင် ခုခံမှုနှင့် နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် ခြေလှမ်းသစ် တစ်ရပ် ဖြစ်ခဲ့ပါသည်။

၂။            ခေတ်အဆက်ဆက် နိုင်ငံအား လက်နက်အားကိုးဖြင့် အုပ်ချုပ်ရန်ကြိုးပမ်းခဲ့ကြသည့် စစ်အာဏာရှင်တို့သည် ၁၉၇၄ ခုနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တစ်ပါတီစနစ်ကို ကျင့်သုံးခြင်းဖြင့် သော်လည်းကောင်း၊ ၎င်းတို့အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လွှတ်တော်အတွင်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားခြင်းဖြင့်သော်လည်းကောင်း နိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများတွင် ပါဝင်နေရာယူခဲ့ကြသည့်အတွက် တိုင်းရင်းသား ပြည်သူများအားလုံး တစ်ညီ တစ်ညွတ်တည်း တောင်းဆိုနေကြသည့် ပင်လုံစာချုပ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု စနစ်မှာ သွေဖည်နေခဲ့ရပြီး နိုင်ငံအတွင်း ပြည်တွင်းစစ်မီးကို နှစ် (၇၀) ကျော်ကြာအောင် ခံစားခဲ့ရ ပါသည်။

၃။           ယနေ့ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာများ၏ ထွက်ပေါက်သည် လူနည်းစုများ အပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးပါဝင်နိုင်မည့် စစ်မှန်သည့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် မိမိတို့နိုင်ငံ၌ စစ်အာဏာရှင်အားလုံး အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ပြည်သူတစ်ရပ်လုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို  တည်ဆောက်သွားနိုင်ရန် နိုင်ငံရေးရည်မှန်းချက် (၄) ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည့်အပြင်၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင်  စစ်အာဏာရှင်များအလိုကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာချက်အမှတ် (၂၀/၂၀၂၁) အား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၄။           အကြမ်းဖက်စစ်ကောင်စီက သာလွန်လက်နက်အင်အားနှင့် လူမဆန်သော အကြမ်းဖက်မှုများဖြင့် ဖိနှိပ်နေသော်လည်း ပြည်တွင်းပြည်ပမှ ပြည်သူလူထုက ထောက်ခံအားပေး ပါဝင်နေမှုနှင့်အတူ တပ်ဦးတော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းမှုများကြောင့် ယနေ့ စစ်အာဏာ သိမ်းမှု (၂)နှစ်ကျော်ကာလသို့ ရောက်ရှိလာချိန်အထိ အုပ်ချုပ်ခွင့်မရှိနေခြင်းပင်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတစ်ဝှမ်း ဆိုးရွားလာသော အကြမ်းဖက်မှုများနှင့်အတူ တိုင်းရင်းသားပြည်သူ အများစုသည် ဒုက္ခပေါင်းစုံကို ခါးသီးစွာခံစားနေရပြီး ပြည်သူတို့၏ ခံစားနေရမှုများကို အမြန်ဆုံး အဆုံးသတ်ပေးရန် ယခုထက် ပိုမိုစည်းလုံးညီညွတ်ခြင်း၊ အပြန်အလှန်နားလည်မှုပေးခြင်း၊ သဘောထားကြီးခြင်းတို့ဖြင့် ဆက်လက်လျှောက်လှမ်းသွားရန် အထူးလိုအပ်ကြောင်းကိုလည်း လေးလေးနက်နက် သတိပေးနှိုးဆော်အပ်ပါသည်။

၅။           ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ၂၀၂၀ ပြည့် နှစ်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူနှင့်အတူ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ဒီမိုကရေစီ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှတစ်ဆင့် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဥ်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများမျှော်လင့်ကြိုးပမ်းနေကြသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်အား တည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top