မူလ / ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်

၁။ ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်ချက်အင်အားသည် ရှစ်လေးလုံး ဒီမိုကရေစီ လူထု လှုပ်ရှားမှုနှင့်အတူ ခေတ်အဆက်အဆက် ဒီမိုကရေစီတိုက်ပွဲများတွင် ယနေ့ထိတိုင် ခိုင်မာရှင်သန် နေဆဲဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုးအား အပြီးတိုင် ဖြိုလှဲဖျက်ဆီးနိုင်ရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားပြန့်ပွားရန် လက်ရှိနွေဦးတော်လှန်ရေး၏ အရှိန်အဟုန်နှင့် အတူ ပြည်သူများအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများက စုစည်းညီညွတ်စွာ ရှေ့ဆက်ချီတက် လျှောက်လှမ်းလျက်ရှိသည့်အတွက် မိမိတို့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာဖော်ပြလိုပါသည်။

၂။ ဒီမိုကရေစီစနစ်၏ ရည်ရွယ်ချက်သည် တစ်ဦးတစ်ယောက်၏ လွှမ်းမိုးချုပ်ကိုင်ခံရမှုမှ အကာအကွယ်ပေးရန် နိုင်ငံသားတိုင်းအား လူမှုဘဝအတွက် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်ပေး ခြင်းဖြစ်ပါသည်။ နိုင်ငံသားများအနေဖြင့် အစိုးရနှင့်အဖွဲ့အစည်းများတွင် တန်းတူပါဝင်ခွင့်ရရှိသင့် သည်သာမက ရက်စက်ကြမ်းကြုတ်သော တစ်မိန့်တစ်ပါတီ စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိရမည်ဖြစ်ပါသည်။ ပြည်သူ့အုပ်ချုပ်ရေး ဖြင့် ပြည်သူတစ်ဦးစီ၏ အခွင့်အရေး အပြည့်အဝရရှိနိုင်မည့် ဒီမိုကရေစီစနစ်ထွန်းကားသော နိုင်ငံတော်တည်ဆောက်သွားနိုင်ရန်မှာ လွန်စွာအရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။

၃။ ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်သည် စစ်အာဏာရှင်များ၏ အကြမ်းဖက် လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ဖျက်ဆီးမှုကိုခံခဲ့ရကာ လက်ရှိအချိန်ထိတိုင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မတရားဖမ်းဆီးထောင်တွင်းအကျဉ်းချခံရမှုများ၊ လူမဆန်စွာ သတ်ဖြတ်ခံရမှုများ၊ ဖိနှိပ်ရိုက်နှက်ခံရမှုများ၊ မီးရှို့ဖျက်ဆီးခံရမှုများ၊ လေကြောင်းတိုက်ခိုက်ခံရ မှုများစသည်ဖြင့် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ရင်ဆိုင်တွေ့ကြုံနေရဆဲ ဖြစ်သည်သာမက သန်းပေါင်းများစွာသော ပြည်သူများသည် အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပါသည်။

၄။ စစ်အာဏာရှင်စနစ်ဆိုး၏ အကျိုးဆက်အနေဖြင့် ပြည်သူလူထုတွင် ကျား၊ မ မရွေး အကြမ်းဖက်မှု နည်းလမ်းအမျိုးမျိုးဖြင့် နေ့စဉ်သေဆုံးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ကာလမှ လက်ရှိ ၁၂-၉-၂၀၂၅ ရက်နေ့အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား ပြည်သူပြည်သား (၇၂၃၄) ဦးတို့သည် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများကြောင့် သေဆုံးခဲ့ကြရပြီးဖြစ်ပါသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ လက်လှမ်းမီသမျှ မြေပြင် တွင်ကောက်ယူရရှိထားသော အချက်အလက်များအရ နိုင်ငံတစ်ဝှမ်းတွင် အမျိုးသား (၁၈၀) ဦး သေဆုံးသည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ယခုထက်ပင် ပိုမိုများပြားနိုင်ပါသည်။

၅။ ကုလသမဂ္ဂအပါအဝင် အာဆီယံ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ နှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးအတွက် ကြိုးစားဖော်ဆောင်သည့် အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များအားလုံးတို့သည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူလူထုအနေဖြင့် နေ့စဉ် နှင့်အမျှ ဖြတ်သန်းကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သောလုပ်ရပ်များ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုများအား အမြန်ဆုံး ရပ်တန့်စေရန် နှင့် တရားမဝင် စီစဉ်ဆောင်ရွက်မည့် အတုအယောင်ရွေးကောက်ပွဲအား လုံးဝ အသိအမှတ်မပြု ရန် တိုက်တွန်းလိုပါသည်။ ယင်းရွေးကောက်ပွဲသည် မြန်မာပြည်သူလူထုအတွက် လက်တွေ့ကျ သောတရားမျှတမှုကို မည်သည့်နည်းလမ်းနှင့်မျှ ဖော်ဆောင်ပေးနိုင်မည်မဟုတ်သည်ကို အတိအလင်း ဖော်ပြလိုပါသည်။

၆။ ဒီမိုကရေစီစနစ်၏ အကောင်းဆုံးစံနမူနာသည် ပြည်သူလူထုက ကိုယ်ကျင့်သိက္ခာ၊ ဉာဏ်ပညာကြီးကြီးဖြင့် ကိုယ်တိုင်စီမံအုပ်ချုပ်နိုင်သောစနစ်ဖြစ်သည်ကို ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် လက်ခံယုံကြည်ပါသည်။ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာ ဒီမိုကရေစီနေ့ ၏ ဆောင်ပုဒ်ဖြစ်သော (From Voice to Action) ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထု၏အသံမှသည် လက်တွေ့ဒီမိုကရေစီလုပ်ငန်းစဥ်များ ဆောင်ရွက်မှုအထိ အကောင်အထည်ဖော်ဆောင်သွားနိုင်ရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ဒီမိုကရေစီအင်အားစုအသီးသီး နှင့် ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမည်ကို မိမိတို့အနေဖြင့် သန္နိဋ္ဌာန်ပြုလျက် ဤ ထုတ်ပြန်ချက်အား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top