မူလ / ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

၁။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းကာ လွှတ်တော်များခေါ်ယူခြင်းကို ဟန့်တား၍ နိုင်ငံတော်အာဏာကို ဥပဒေမဲ့အဓမ္မ သိမ်းယူခဲ့သည်။

၂။ ထိုသို့ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို ဥပဒေမဲ့ အဓမ္မသိမ်းယူပြီးနောက် လွှတ်တော်ကိုယ်စားလှယ် (၁၄၅) ဦး တို့ကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့ရာတွင် ယနေ့အချိန်ထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၈) ဦးသည် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးတို့သည် တိမ်းရှောင်ရင်း ကွယ်လွန်ခဲ့ သည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) ဦးသည် တိမ်းရှောင်နေစဥ် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးသည် ဖမ်းဆီးခံထားရစဥ် လုံလောက်သော ဆေး ကုသခွင့် မရရှိသောကြောင့် အကျဥ်းထောင်တွင်း ကွယ်လွန်ခဲ့သည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် (၁၉၈) ဦးတို့၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုလည်း ဥပဒေမဲ့ချိတ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး လွှတ်တော် ကိုယ်စားလှယ် (၃) ဦး၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။

၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်မှန်းကြိုးပမ်းနေသည့် ဤလူထု တော်လှန်ရေးကြီးတွင် လွှတ်တော်၏ အဓိကလုပ်ငန်းစဥ်များဖြစ်သည့် ဥပဒေပြုခြင်း၊ စောင့်ကြည့် ထိန်းကျောင်းခြင်းနှင့် ကိုယ်စားပြုခြင်းကဏ္ဍအပါအဝင် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးစသည့် ကျရာ ကဏ္ဍအသီးသီးတွင် ကိုယ်စီတာဝန်များအား ထမ်းဆောင်ကာ မတူညီသော အင်အားစုများနှင့်အတူ လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

၄။ ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ခေါ်ယူကျင်းပရန် ခက်ခဲသည့်အခြေအနေတွင် လွှတ်တော်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့သည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သော တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုတည်းဟူသော လောကပါလ တရားတို့ အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး ရှေးရှုကာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်ရန် ရည်ရွယ်ရေးသားထားသော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည်။

၆။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ နိုင်ငံရေးဆန္ဒကို အခြေခံပြီး ဖြစ်ပေါ် လာသော ပြည်သူ့ဆင့်လွှဲတာဝန်၊ လုပ်ပိုင်ခွင့် (People’s Mandate) နှင့် တရားဝင်မှု (Legitimacy) ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ရပ်က ပေးအပ်သည့် တာဝန် (Constitutional Mandate) မဟုတ်ပါ။ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပလျက်ရှိသည်မှာ ဆဋ္ဌမအကြိမ်မြောက် ရှိပြီ ဖြစ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များသည် ပြည်သူများက အပ်နှင်းလိုက်သည့် ထိုဆင့်လွှဲ တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို ကျေပွန်သည်အထိထမ်းဆောင်ရန် တာဝန်ရှိသည့်အပြင် နောက်တစ်ကြိမ် လွတ်လပ်၍တရားမျှတသော ဒီမိုကရေစီနည်းကျရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်တစ်ရပ် မပေါ်ပေါက်မချင်း ထမ်းဆောင်ရန် တာဝန်ရှိသည်။

၇။ ယင်းသို့ ပြည်သူအပ်နှင်းပေးထားသော တာဝန်၊ လုပ်ပိုင်ခွင့်နှင့် တရားဝင်မှုတို့ကို စွဲကိုင် လျက် တာဝန်ထမ်းဆောင်ရာတွင် တစ်ဦးတစ်ဖွဲ့ အာဏာရရှိရေးမဟုတ်ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် ရည်မှန်းကြိုးပမ်းနေသည့် ဤတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် လက်ရှိနိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဘုံရည်မှန်းချက်တူညီသော အခြားအင်အားစုများနှင့်လည်း ဆွေးနွေး ညှိနှိုင်းကာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ထပ်လောင်း သန္နိဋ္ဌာန် ပြုအပ်သည်။

ဤအထက်ပါထုတ်ပြန်ချက်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး (ပထမနေ့) တွင် အတည်ပြု ထုတ်ပြန်အပ်သည်။

ဆက်သွယ်ရန် (Signal)

  1. ၁။ ဦးကျော်ထွေး ဇဗ္ဗူသီရိမဲဆန္ဒနယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော် (+95 9 967 228552)
  2. ၂။ ဦးစည်သူမောင် ပန်းဘဲတန်းမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော် (+66 65 494 8662)
Scroll to Top