မူလ / ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်

ပြည်ထောင်စုလွှတ်တော်၏ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

၁။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရထံမှ ဥပဒေမဲ့ စစ်အာဏာ သိမ်းမှု (၄) နှစ် ပြည်ခဲ့ပြီဖြစ်ကာ တော်လှန်ရေးအင်အားစုများအနေဖြင့် နယ်မြေပိုင်ဆိုင်မှုများကို ရရှိထားသကဲ့သို့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်သွားနိုင်ရေးအတွက် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် အတူတကွလက်တွဲတော်လှန် တိုက်ပွဲ ဝင်လျက်ရှိပါသည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အစောပိုင်းမှစ၍ ယနေ့ထိတိုင် ကဏ္ဍစုံတွင် လက်တွဲကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် ဤနွေဦးတော်လှန်ရေးတွင် ပါဝင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အမျိုးသမီးများ၊ သပိတ်အင်အား စုများ၊ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ၊ ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူများ နှင့် ပံ့ပိုးကူညီနေကြသည့် နိုင်ငံတကာအသိုက်အဝန်းအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။

၃။ အတိတ်ကာလနှင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာအရပ်ရပ်သည် စစ်တပ်က နိုင်ငံရေးတွင် အစဉ်တစိုက်ပါဝင်နေခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင်လည်း အကြမ်းဖက်စစ်အုပ်စု သည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ပြီး ဥပဒေမဲ့အာဏာ သိမ်းယူထားသည့် အကြမ်းဖက် အဖွဲ့ အစည်း တစ်ရပ်သာဖြစ်ပါသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၌ ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခံနေရသည့် နိုင်ငံတကာ ရာဇဝတ်သားတစ်ဦးအဖြစ် သတ်မှတ်ခံနေရချိန် ဖြစ်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည် အလုံးစုံပျက်စီးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို နေ့စဉ်ရက်ဆက် ဖျက်ဆီးနေသည့် အဖွဲ့ဖြစ်ကြောင်း ၎င်းတို့၏ လုပ်ရပ်များက ပေါ်လွင်ထင်ရှားပြီးဖြစ်ပါသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရေး အပါအဝင် တိုင်းပြည်အရေးအရာများကို ဆုံးဖြတ်ခွင့်ရှိသည့် တရားဝင်အဖွဲ့အစည်းတစ်ရပ် မဟုတ် ပါ။ အကြမ်းဖက်စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်းချက်သာဖြစ်၍ ပြည်တွင်းစစ်မီးကို ပိုမို ရှည်ကြာစေမည် ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ပိုမိုအလှမ်းဝေးစေရန်သာ ဦးတည်စေမည်ဖြစ်ပါသည်။

၅။ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် စစ်အုပ်စုအလိုကျ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အပြီးတိုင် ဖျက်သိမ်း ခဲ့ပြီးဖြစ်သကဲ့သို့ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်အား အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အမြန်ဆုံးပေါ်ပေါက်ရေးကို အင်အားစုအသီးသီးနှင့် ပူးပေါင်းကြိုးပမ်းသွားမည် ဖြစ်ပါသည်။

၆။ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ စစ်အာဏာသိမ်းထားမှုနှင့် အကြမ်းဖက်မှုများအား ရပ်တန့်နိုင်ရေး၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်နိုင်ရေး၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရား မျှတမှုရရှိရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေးတို့တွင် မိမိတို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် များသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

၇။ ပြည်ထောင်စုလွှတ်တော်သည်

(က) နိုင်ငံတော်၏ အာဏာအား တရားမဝင်ရယူထားသည့် အကြမ်းဖက်အဖွဲ့အစည်း တစ်ရပ်ဖြစ်သည့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဖြင့် အာဏာ ဆက်လက်ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်းမှုအပါအဝင် မည်သည့် ကြိုးပမ်းချက်ကို မဆို ဆက်လက်ကန့်ကွက်ရှုတ်ချသည်။

(ခ) အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအား လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများအပါအဝင် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများနှင့် လူငယ်များအား ဥပဒေမဲ့ဖမ်းဆီးပြီး စစ်မှုထမ်းစေရန် အတင်းအကြပ် လုပ်ဆောင် နေမှုများအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်။

(ဂ) စစ်ရာဇဝတ်မှုများအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုူင်အား ဖမ်းဆီးအပြစ်ပေးနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ရာဇဝတ်မှုများကျူးလွန်နေမှုကို တားဆီးနိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် လေယာဉ်ဆီတင်ပို့ရောင်းချခြင်းအား ပိတ်ဆို့ခြင်း အပါအဝင် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ချမှတ်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုသည်။

(ဃ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံခဲ့ကြရသူများအတွက် တရားမျှတမှုရရှိရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုသည်။

(င) နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံ ရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် ဆက် လက် ဖိအားပေးလုပ်ဆောင်ရန် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းသည်။

(စ) အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများ၊ နေအိမ်မီးရှို့မှုများ နှင့် လေကြောင်းဗုံးကြဲမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်တွင်း ဒုက္ခသည် ပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများသို့ ရောက်ရှိနေကြသော ဒုက္ခသည် ပြည်သူများနှင့် မိမိနိုင်ငံသို့ ပြန်ရန် အခက်အခဲရှိနေကြသော မြန်မာနိုင်ငံသားများ အား လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေး နိုင်ငံတကာအစိုးရ များနှင့် အဖွဲ့အစည်းများကို တောင်းဆိုသည်။

(ဆ) ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအပါအဝင် တော်လှန်ရေးအင်အားစုများအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း လုပ်ငန်းစဉ်များအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိထိရောက်ရောက် ပံ့ပိုးကူညီပေးရန် တောင်းဆိုသည်။

(ဇ) စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ် မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်/ဖက်ဒရယ်ယူနစ်များဖြင့် စုဖွဲ့ထား သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် လက်တွဲ လုပ်ဆောင် နေသည့် တော်လှန်ရေးအင်အားစုများအား ထိထိရောက်ရောက် ပံ့ပိုးကူညီရန် နိုင်ငံ တကာ အသိုက်အဝန်းအား တောင်းဆိုသည်။

၈။ ဤထုတ်ပြန်ချက်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး၊ ဒုတိယနေ့တွင် အတည်ပြုထုတ်ပြန်သည်။

Scroll to Top