(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)
၁။ အကြမ်းဖက်စစ်တပ်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအား ဖမ်းဆီးကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ပြီးနောက် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် လူမဆန်သော အကြမ်းဖက်မှုများ ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လုပ်ဆောင်ခဲ့ရာ (၅) နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပါသည်။
၂။ ယနေ့ထိတိုင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အဦများနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့်တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ တိုးမြှင့်လုပ်ဆောင်နေသကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မြန်မာပြည်သူသန်းပေါင်းများစွာသည် နေရပ် စွန့်ခွာတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိပါသည်။
၃။ ယင်းသို့ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများနှင့် အသက်ရှင် ရပ်တည်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း မြန်မာပြည်သူတစ်ရပ်လုံး သည် လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ လူ့ဂုဏ်သိက္ခာနှင့် စစ်မှန်သော ဒီမိုကရေစီအရေးတို့ အတွက် ၎င်းတို့၏ ခိုင်မာသောစိတ်ဆန္ဒ၊ ကြံ့ခိုင်မှုနှင့် သတ္တိတို့ကို ပြသနေဆဲဖြစ်ပါသည်။ မြန်မာ ပြည်သူတို့သည် စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ၎င်းတို့၏ ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် သမိုင်းဝင်နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိပါသည်။
၄။ မြန်မာပြည်သူတို့၏ ပြင်းပြသောစိတ်ဆန္ဒ၊ ကြံ့ခိုင်သော ကြိုးပမ်းအားထုတ်မှုနှင့်အတူ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ က ပြည်သူ့ဆင့်လွှဲအာဏာဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် စစ်မှန်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံ၌ စစ်မှန်သော ငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိပါသည်။
၅။ ယနေ့အချိန်တွင် ကမ္ဘာ၌ အဆိုးရွားဆုံး ရာဇဝတ်သားများဖြစ်သည့် အကြမ်းဖက် စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲများကို ဖန်တီးကာ ၎င်းတို့၏ တရားမဝင်သည့် စစ်အုပ်ချုပ်ရေးအား တရားဝင်မှုရှိစေရန် ကြိုးပမ်းလျက်ရှိပါသည်။ ယင်းတရားမဝင်သည့် အတု အယောင်ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခကို ပိုမိုကြီးထွားစေမည့်အပြင် မြန်မာပြည်သူတို့ ခံစားနေရသည့် အခက်အခဲအကျပ်အတည်းများကိုလည်း ပိုမိုဆိုးဝါးစေမည် ဖြစ်ပါသည်။
၆။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာပြည်သူများ၊ နိုင်ငံများ၏ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်နေသော မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်ငွေလိမ်လုပ်ငန်းများကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးနေသည်ဟု သတင်းအဖြစ်လုပ်ပြနေခြင်းသည် ဟန်ပြသက်သက် သာဖြစ်ပြီး ၎င်းတို့အတွက် အသက်သွေးကြောဖြစ်သည့် အဓိကဝင်ငွေရရှိနေသည့် လုပ်ငန်းများကို မည်သည့်အခါမှ အလုံးစုံဖျက်ဆီးရန် ဆန္ဒမရှိကြပါ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ အွန်လိုင်းရာဇဝတ် လုပ်ငန်းများ အဆုံးသတ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စစ်မှန်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့်သာ လက်တွဲပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။
၇။ ယခုနွေဦးတော်လှန်ရေးသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖျက်သိမ်းပြီးဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ အစိုးရတစ်ရပ် ပေါ်ပေါက်နိုင် ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ထွန်းကား သည့် မြန်မာနိုင်ငံတော်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်သွားနိုင်ရေး ကြိုးပမ်း ခြင်းဖြစ်ပါသည်။ ယင်းသို့ ကြိုးပမ်းဆောင်ရွက်သွားခြင်းကသာ မြန်မာနိုင်ငံတွင် ကာလရှည် ဖြစ်တည်ခဲ့သည့် ပြည်တွင်းစစ်မီးနှင့်အတူ အကြမ်းဖက်စစ်တပ်က ပြစ်ဒဏ်မှ ကင်းလွတ်စွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်နိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
၈။ လူမဆန်သော အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အံတုရင်း ငြိမ်းချမ်းသောအနာဂတ်အတွက် စွန့်လွှတ်စွန့်စား ကြိုးပမ်းနေကြသည့် မြန်မာပြည်သူတို့သည် နိုင်ငံတကာအသိုက်အဝန်း၏ ယခုထက်ပိုမိုသော ပံ့ပိုးကူညီမှု၊ အတူရပ်တည်ပေးမှုတို့ဖြင့် များစွာ ထိုက်တန်သူများဖြစ်ပါသည်။ အလားတူ မြန်မာပြည်သူတို့၏ မျှော်လင့်ချက်နှင့်အိပ်မက်ကို ကူညီ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဖက်နှင့် နိုင်ငံရေး အဖွဲ့အစည်းများကို တရားဝင်အသိအမှတ်ပြုပြီး ပူးပေါင်းလုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
၉။ ထို့ကြောင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများဖြစ်ကြသည့် ပြည်ထောင်စု လွှတ်တော်သည် -
(က) ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မိမိတို့လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုကြောင်း ဆက်လက်ဆုံးဖြတ်ခဲ့မှုအတွက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အဖွဲ့ဝင်လွှတ်တော်များကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။
(ခ) လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် (၁၅၂) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုကို ဆက်လက်အသိအမှတ်ပြုပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အဖွဲ့ဝင်လွှတ်တော်များကို ထပ်လောင်းတောင်းဆိုပါသည်။
(ဂ) ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းအားဖြင့်လည်းကောင်း၊ ထုတ်ဖော်ပြောကြားခြင်းအားဖြင့်လည်းကောင်း မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြသည့် နယူးဇီလန်လွှတ်တော်၊ ဥရောပပါလီမန်၊ တောင်ကိုရီးယားလွှတ်တော်၊ အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
(ဃ) ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်နှင့် ယင်းက ကိုယ်စားပြုရန် တာဝန်ပေးအပ်ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာနိုင်ငံ၏ တရားဝင် ဥပဒေပြုအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ ယင်းအဖွဲ့အစည်းများက တာဝန်ပေးအပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်လည်းကောင်း အသိအမှတ်ပြုပေးရန် တောင်းဆိုပါသည်။
(င) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် ကာလရှည်ဖြစ်တည်ခဲ့သော ပြည်တွင်းစစ်အပေါ် စစ်မှန်သောဖြေရှင်းမှုကို သေချာစေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် နည်းပညာ၊ ငွေကြေးနှင့် နိုင်ငံရေးဆိုင်ရာ ထောက်ခံအားပေးမှုကို ပေးအပ်ရန် တောင်းဆိုပါသည်။
(စ) လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးအား လက်တွေ့ကျပြီး အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အရေးအကြီးဆုံး ဦးစားပေးအဆင့်ဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီး ချုပ်နှောင်ထားသည့် အကျဉ်းသားအားလုံး ချက်ချင်းလွတ်မြောက်စေရန် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းလုပ်ဆောင်ပေးရန် ထပ်လောင်းတောင်းဆိုပါသည်။
(ဆ) ယနေ့ထိတိုင် မြန်မာပြည်သူများအပေါ်၌ ဆိုးဝါးသောရာဇဝတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်အပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန်၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ်ခေါင်းဆောင်များကို နိုင်ငံတကာတရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆိုပါသည်။
(ဇ) အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအပြင် ထွက်ပေါ်လာမည့်ရလဒ်နှင့် ပေါ်ပေါက်လာမည့် အတုအယောင်အစိုးရအား အသိအမှတ်မပြုခြင်းဖြင့် စစ်မှန်သောဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားတောင့်တနေသည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် တောင်းဆိုပါသည်။
(ဈ) မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်အတွက် အကျိုးအမြတ်ဖြစ်ထွန်းနေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအား အမြစ်ဖြတ် တိုက်ဖျက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်ပြီး ယုံကြည်စိတ်ချရသည့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်မှန်သော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါသည်။
(ည) အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ၊ အကြောင်းပြချက်မရှိ ဖမ်းဆီးနေမှုများ၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းနေမှုများကြောင့် မြန်မာပြည်တွင်းနှင့် ပြည်ပသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ တိုးမြှင့်ပေးရန် ထပ်လောင်းတောင်းဆိုပါသည်။
(ဋ) မြန်မာနိုင်ငံ၌ ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သော နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ထွန်းရေးတို့အတွက် အကျိုးသက်ဆိုင်သူများအကြား တွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် လက်တွေ့ကျသော အဖြေရှာနိုင်ရေးအတွက် ကာလရှည်ပံ့ပိုးကူညီမှုကို ပူးပေါင်းလုပ်ဆောင်ပေးရန် တိုက်တွန်းပါသည်။
ဤထုတ်ပြန်ချက်အား ၁၉-၁၂-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေး (ဒုတိယနေ့) တွင် လွှတ်တော်က သဘောတူညီချက်ဖြင့် အတည်ပြုထုတ်ပြန်လိုက်သည်။
ပြည်ထောင်စုလွှတ်တော်


