၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်
၁။ ယနေ့မနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးရွာတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေး သူငယ်များ အပါအဝင် အရပ်သားပြည်သူများ ရာနှင့်ချီ၍ ထိခိုက်သေဆုံးခဲ့မှုအပေါ် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းထန်စွာရှုတ်ချသည်။ ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး ထိခိုက်ဒဏ်ရာရရှိသူ များအနေဖြင့် အမြန်ဆုံးပြန်လည်သက်သာ ပျောက်ကင်းပါစေကြောင်း ဆုတောင်းအပ်ပါသည်။
၂။ ယင်းလုပ်ရပ်သည် လူအစုလိုက်အပြုံလိုက်သေစေရန် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်၏ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သည့် နောက်ထပ် စစ်ရာဇဝတ်မှု တစ်ခု ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ အနန့်ပါအား လေကြောင်းဖြင့်တိုက်ခိုက်မှုနောက် ယခုတိုက်ခိုက်မှုသည် ပြည်သူများစွာ ပိုမိုထိခိုက်သေဆုံးခဲ့ရသည်။
၃။ ယခုသီတင်းပတ်များအတွင်း ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ခွဲခြားမှုမရှိဘဲ လေကြောင်းဖြင့်ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်။ အကြမ်းဖက်စစ်တပ်သည် ဥပဒေမဲ့အာဏာသိမ်းယူရန် ကြိုးပမ်းမှုနောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။
၄။ နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်စစ်တပ်အပေါ် အရေးယူပေးရန် ဆက်လက် တုံ့ဆိုင်းနေမည်ဆိုပါက မြောက်များစွာသော မြန်မာပြည်သူများ၏ အသက်များစွာ ဆက်လက်ဆုံးရှုံး နေမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏အခြေအနေများသည် ယခုထက် ပိုမိုစိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားမည်သာ ဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်၏ ယခုကဲ့သို့ လူမဆန်သည့် အကြမ်းဖက်မှု များကို ချက်ချင်းအဆုံးသတ်ရန်၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှု များမှ မြန်မာပြည်သူများကို ကာကွယ်ပေးနိုင်ရေး ထိရောက်သော အရေးယူဆောင်ရွက်ချက်များဖြင့် အမြန်ဆုံးပူးပေါင်းတုံ့ပြန်ပေးကြရန် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်း တောင်းဆိုတိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ