မူလ / အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ချက်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်
 
၂၈-၁၁-၂၀၂၅ ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် နံနက် ၃ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်းသည် (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်သွားသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကျန်ရစ်သူမိသားစုနှင့် ဆွေမျိုးများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးနှင့်အတူ ထပ်တူဝမ်းနည်းရပါသည်။
 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်းသည် မကွယ်လွန်မီက ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည့်တိုင် ပြည်သူက ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပီပီ ကိုယ်စားလှယ်တစ်ဦး၏ တာဝန်ဝတ္တရားများအပြင် နွေဦး တော်လှန်ရေး၏ လုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းရွက်ခဲ့ပါသည်။ 
 
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်းသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဖက်ဒရယ်ရေးရာကော်မတီဝင်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့ပြီး နွေဦးတော်လှန်ရေးခရီးလမ်းစတင်ချိန်မှစ၍ နောက်ဆုံးထွက်သက်အထိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ တသားတည်း ရပ်တည်ခဲ့သူတစ်ဦးဖြစ်ပါသည်။
 
မိမိတို့နိုင်ငံ၌ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် နောက်ဆုံးထွက်သက်အထိ မဆုတ်မနစ်ကြိုးပမ်းပါဝင်ခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ်လင်း မြင့်မြတ်ရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးနက်စွာ ဆန္ဒပြုဆုတောင်းလိုက်ပါသည်။
 
၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ အာဏာသိမ်းယူမှုနောက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာအရ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများအပြင် မိမိတို့နိုင်ငံ၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကျရာအခန်းကဏ္ဍများတွင် ထမ်းဆောင်လျက်ရှိပါသည်။ 
 
ယင်းသို့ တာဝန်ထမ်းဆောင်မှုများကြောင့် အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများ၊ နေအိမ်ချိတ်ပိတ်မှုများကို ခံခဲ့ရပြီး များစွာသော လွှတ်တော်ကိုယ်စားလှယ်များသည် ဘေးကင်းရာအရပ်ဒေသများသို့ တိမ်းရှောင်နေရပါသည်။ ယင်းသို့ တိမ်းရှောင်ရင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးတို့သည် အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
 
ပြည်‌ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
Scroll to Top