၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ ည (၀၈း၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကျင်းပနေသည့် “KIO အထိမ်းအမှတ်နေ့” တေးဂီတ ဖျော်ဖြေပွဲသို့ အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် (၃) စီးအသုံးပြုကာ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ကျော် အဆိုတော်၊ အနုပညာရှင်များအပါအဝင် ကချင်တိုင်းရင်း သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများအပြားရှိကြောင်း သတင်းများအရ ကြားသိရပါသည်။ ယင်းလူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
၂။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်သူများနှင့် တိုင်းရင်းသားအင်အားစုများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်၍ သတ်ဖြတ် တိုက်ခိုက်လျက်ရှိသည့်အပြင် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက် ရှိသည်ကို ယင်းဖြစ်ရပ်များက သက်သေခံလျက်ရှိပါသည်။
၃။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှု နောက်ပိုင်းတွင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့၌လည်း လေကြောင်း အင်အားသုံး၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်နည်းတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာနေ ပြည်သူများအား မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်းများကဲ့သို့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
၄။ နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအပေါ် အကာအကွယ်ပေးရန် တာဝန် ပျက်ကွက်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက် လူသတ်စစ်တပ် အပေါ် အရေးယူရန် ပျက်ကွက်နေမှုများကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများသည် ရက်စက်သော အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရပါသည်။ ထို့သို့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူများ၏ အသက်နှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်၊ ရာဇဝတ်မှုကျူးလွန်သူများကို အမြန်ဆုံး အရေးယူနိုင်ရေးတို့အတွက် မိမိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ