မူလ / အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်

၁။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ညတွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ ဆေးရုံကြီးအား တရားမဝင်အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ ယင်းလူမဆန်သော တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူ (၃၅) ဦးကျော် သေဆုံးခဲ့ပြီး အမြောက်အများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဤလေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရပြီး ထိခိုက်ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

၂။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အား ကမ္ဘာတစ်ဝှမ်းက ဆင်နွှဲကျင်းပနေချိန်တွင် ယင်းအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအား အချိန်ကိုက်ကျူးလွန်လုပ်ဆောင်ခြင်းသည် မတော်တဆ ဖြစ်စဉ်မဟုတ်ပါ။ ဤလူမဆန်သောလုပ်ရပ်သည် လူ့အသက်များကို လုံးဝတန်ဖိုးမထားမှု၊ အရပ်သားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ငြင်းပယ်မှု၊ နိုင်ငံတကာဥပဒေများကို မလေးစားမှုနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီစိတ်ဆန္ဒကို ဖျက်ဆီးရန် ဆိုးရွားသော ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်မှုများသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းအပြင် နိုင်ငံအချို့က အကြမ်းဖက်စစ်တပ်ကို လွဲမှားစွာ ထောက်ခံအားပေးနေခြင်းတို့ကြောင့်ဖြစ်သည်ကို မိမိတို့ လေးလေးနက်နက် အသိပေးလိုပါသည်။

၃။ စစ်အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသော ရာဇဝတ်မှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းက စဉ်ဆက်မပြတ်ရှုတ်ချနေသော်လည်း အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ လူမဆန်သော လုပ်ရပ်များကို ရပ်တန့်ခဲ့ခြင်း မရှိပါ။ ယခုအခါ အာဏာသိမ်းစစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ၎င်းတို့၏ လူသတ်လိုင်စင်ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရာဇဝတ်သား စစ်အာဏာရှင်များကို မည်သည့်နည်းလမ်းနှင့်မျှ ထောက်ခံအားပေးခြင်းမပြုရန်၊ အာဏာသိမ်းစစ်တပ်ထံသို့ လေယာဉ်ဆီ၊ လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကို တင်ပို့ရောင်းချခြင်းအား ချက်ချင်းရပ်တန့်ပေးရန်၊ အကြမ်းဖက်စစ်တပ်၏ လူမဆန်သော ရာဇဝတ်မှုများကို လူသိရှင်ကြားထုတ်ဖော်ကန့်ကွက်ပြီး အာဏာသိမ်းစစ်တပ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးရန် လေးလေးနက်နက် ထပ်လောင်းတောင်းဆိုပါသည်။

၄။ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးက ယနေ့ထိတိုင် မဆုတ်မနစ် ကြိုးပမ်းနေသည်မှာ အကြမ်းဖက်စစ်တပ်၏ ပြစ်ဒဏ်မှကင်းလွတ်စွာ လူမဆန်သော အကြမ်းဖက်မှုများကို အဆုံးသတ်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်သာ ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဤလူမဆန်သော လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှုရရှိရေး၊ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုများနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top