မူလ / အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကြေညာချက် - ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ကို ဆန့်ကျင်ရပ်တည်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ခြင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကြေညာချက် - ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ကို ဆန့်ကျင်ရပ်တည်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်ခြင်း

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

၁။ ဤအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြု တရားဝင်လွှတ်တော်အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကို ခံစားနေကြရသူများနှင့် လေးလေးနက်နက် စည်းလုံး ညီညွတ်စွာ ရပ်တည်နေပါသည်။ ယနေ့သည် လူသားအားလုံးတို့၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်မှု ဆိုင်ရာ ကတိကဝတ်ကို ဖော်ညွှန်းခြင်းဖြစ်ပြီး တရားမဝင်အာဏာသိမ်းစစ်အုပ်စုက နေ့စဉ် အကြမ်းဖက်နည်းဖြင့် ငြင်းပယ်နေသော ကတိကဝတ်လည်း ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးတွင် ခိုင်မာစွာ ရပ်တည်နေသည့် မြန်မာနိုင်ငံသားများ၏ ရဲစွမ်းသတ္တိကို မိမိတို့အနေဖြင့် ဂုဏ်ပြုရင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) ကို ထိန်းသိမ်းနိုင်ရန်အတွက် နိုင်ငံ တကာက ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန်လည်း အရေးတကြီး တောင်းဆိုအပ်ပါသည်။

၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက အာဏာသိမ်းစစ်တပ်သည် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အဆက်မပြတ် ကျူးလွန်ခဲ့သည်။ ၎င်းတို့၏ လုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာကို စနစ်တကျ စော်ကားမှုတစ်ခုဖြစ်ပြီး ၎င်းတို့တွင် မတရားဖမ်းဆီးမှုများ၊ ထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ထိန်းသိမ်းခံထား ရစဉ် သေဆုံးမှုများ၊ အလုံးအရင်းဖြင့် ရွှေ့ပြောင်းနေထိုင်စေမှုများ၊ အတင်းအကျပ် စစ်မှုထမ်းစေခိုင်း မှုများ၊ တရားလက်လွန်သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လေကြောင်း ဖြင့် ဗုံးကြဲမှုများ ပါဝင်ပါသည်။ ဆယ်စုနှစ်များစွာတိုင်အောင် စစ်အာဏာရှင်များသည် လူသတ် လိုင်စင်ကို ရယူကာ ပြစ်ဒဏ်ကျခံရခြင်းမှ လုံးဝကင်းလွတ်စွာ ကျူးလွန်ခဲ့ကြပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ပိုမိုဆိုးရွားပြင်းထန်လာခဲ့ပါသည်။ ဤပြစ်ဒဏ်မှကင်းလွတ်ခွင့်သံသရာကို အဆုံး သတ်နိုင်ခြင်းသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရန်အတွက် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါသည်။

၃။ အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ကြွယ်ဝချမ်းသာစေသည့် ငွေလိမ်လည်မှုလုပ်ငန်း များကို မြန်မာနိုင်ငံအတွင်း ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ပိုင်ခွင့်ပြုခဲ့ပြီး ယင်းလုပ်ငန်းများသည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းနေသည့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်နေပြီး စနစ်တကျ လူကုန်ကူးမှု၊ အဓမ္မအလုပ်ခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လိမ်လည်မှုများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ယင်းလိမ်လည်မှုလုပ်ငန်းများသည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏ ဆက်နွယ်နေသော လက်နက်ကိုင်အဖွဲ့များအတွက် အဓိကဝင်ငွေ အရင်းအမြစ်တစ်ခုဖြစ်လာပြီး မြန်မာပြည်သူတို့၏ ဒီမိုကရေစီလိုလားချက်ကို ဆန့်ကျင်သည့် ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို ထောက်ပံ့ပေးနေခြင်းဖြစ်ပါသည်။

၄။ စစ်တပ်နှင့် ယင်း၏ မဟာမိတ်လက်နက်ကိုင်အုပ်စုများက အဆိုပါရာဇဝတ်လုပ်ငန်းများ ကို အရေးယူနှိမ်နှင်းသည်ဆိုသော ၎င်းတို့၏ သတင်းပေးပို့ချက်များသည် စနစ်တကျ ဖွဲ့စည်းထား သည့် ယင်းရာဇဝတ်လုပ်ငန်းများကို အပြီးအပိုင်ဖယ်ရှားပစ်ရန် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဒေသ တွင်းနှင့် နိုင်ငံတကာတွင် မျက်နှာသာရရှိရန်အတွက် ဟန်ပြကြိုးစားပြခြင်းသာ ဖြစ်ပါသည်။ နိုင်ငံ တကာ၏ ပိတ်ဆို့မှုများနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများက ယင်းရာဇဝတ် ကွန်ရက်များ၊ ယင်းငွေလိမ်လည်မှုလုပ်ငန်းများကို အကာအကွယ်ပေးခြင်း၊ အထောက်အပံ့ပြုခြင်း၊ အကျိုးအမြတ်ရယူခြင်းတို့တွင် ဆက်နွယ်နေသည့် အာဏာသိမ်းစစ်တပ်နှင့် မိတ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များကို ပစ်မှတ်ထား၍ ဖြိုဖျက်ပစ်ရမည် ဖြစ်ပါသည်။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မိမိတို့ ကိုယ်စားပြုထားသည့် မြန်မာ ပြည်သူလူထုတစ်ရပ်လုံးသည် အာဏာသိမ်းစစ်တပ်၏ စီစဉ်ထားသော အတုအယောင် ရွေးကောက်ပွဲ များကို ပြတ်ပြတ်သားသား ငြင်းပယ်ပါသည်။ နိုင်ငံအနှံ့ အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများ၊ ဒီမိုကရေစီ ခေါင်းဆောင်များနှင့်အတိုက်အခံခေါင်းဆောင်အမြောက်အမြားကို မတရားဖမ်းဆီးထားမှုများ အောက်တွင် ကျင်းပမည့် ဤရွေးကောက်ပွဲများသည် ရက်စက်ကြမ်းကြုတ်သည့် တရားမဝင် စစ်အုပ်စုအတွက် တရားဝင်မှုရရှိရေး ဖန်တီးရန် ရည်ရွယ်သည့် လိမ်လည်လှည့်ဖြားမှုတစ်ခုသာ ဖြစ်သည်။ ယင်းရွေးကောက်ပွဲများသည် ဒီမိုကရေစီသို့ ဦးတည်စေမည်မဟုတ်ဘဲ ပဋိပက္ခကို ပိုမို နက်ရှိုင်းစေပြီး ပြည်သူများ၏ ဒုက္ခများကို ကြာရှည်စေမည့် လှည့်စားမှုတစ်ခုဖြစ်သည်။ ဒီမိုကရေစီ မဆန်သော မျှတမှုမရှိသည့်အခြေအနေကို မူအားဖြင့် ငြင်းပယ်ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် ခိုင်မာစွာရပ်တည်ပေးရန် မိမိတို့ တိုက်တွန်းပါသည်။

၆။ အာဏာသိမ်းစစ်အုပ်စုအပေါ် ယုံကြည်စိတ်ချရမှုတစ်စုံတစ်ရာကို ပေးစွမ်းသည့် ပါဝင် ဆောင်ရွက်မှုအားလုံးကို ရပ်တန့်ပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ကို တည်ဆောက်နိုင် ရေး ကြိုးပမ်းချက်များ အောင်မြင်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် စစ်မှန်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအား တရားဝင် အသိအမှတ်ပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစု များထံသို့ စုစည်းခိုင်မာသည့် ထောက်ခံမှုကို ပေးအပ်ရန် မိမိတို့အနေဖြင့် အရေးတကြီး တောင်းဆိုအပ်ပါသည်။

၇။ မိမိတို့၏ ဘုံရည်မှန်းချက်မှာ လူမျိုးဘာသာခွဲခြင်းခြင်းမရှိဘဲ မြန်မာနိုင်ငံရှိ လူသားတိုင်း သည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအောက်တွင် လုံခြုံစိတ်ချရမှု၊ လွတ်လပ်မှုတို့ဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ပြီး ၎င်းတို့၏ လူ့အခွင့်အရေးများ အပြည့်အဝရရှိနိုင်မည့် အနာဂတ်တစ်ခု ဖြစ်ပါသည်။ ဒီမိုကရေစီလှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်သည့် ပံ့ပိုးကူညီမှုဖြင့်သာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်၊ ဆင်းရဲဒုက္ခများကို အဆုံးသတ်နိုင်မည်၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများကို ကျင့်သုံးနိုင်မည် ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top