မူလ / ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖိလစ်ပိုင်အောက်လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ MP Hon. Raoul Danniel A. Manuel ပြောကြားခဲ့သည့် မိန့်ခွန်းဘာသာပြန်ဆိုချက်

၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖိလစ်ပိုင်အောက်လွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ MP Hon. Raoul Danniel A. Manuel ပြောကြားခဲ့သည့် မိန့်ခွန်းဘာသာပြန်ဆိုချက်

လေးစားအပ်တဲ့ မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ၊ ဒီနေ့မှာ မြန်မာနိုင်ငံရဲ့ အင်မတန်ဆိုးရွားတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသည် နိုင်ငံအတွက် ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အသစ်မကျင်းပမီ နာရီပိုင်းအလိုတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ဥပဒေကိုဖောက်ဖျက်၍ အာဏာသိမ်းယူရန် အမိန့်ပေးခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့မှ အခြားသော အရပ်သားခေါင်းဆောင်များကို ဥပဒေမဲ့ အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ပါတယ်။ များစွာသော နိုင်ငံရေးဦးဆောင်သူများ၊ ထင်ရှားကျော်ကြားသည့် တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာများနှင့် ရဟန်းသံဃာများကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ပါတယ်။ ထိုသူများကို မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ပြစ်မှုပုဒ်မများတပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သို့မဟုတ် SAC အမည်ခံ တရားမဝင် အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဤတရားမဝင် အဖွဲ့အစည်းအောက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများ၊ လူမဆန်သော ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခြင်းများ၊ အများပြည်သူပိုင် အိုးအိမ်များအား လုယက်ဖျက်ဆီးခြင်းနှင့် ဥပဒေမဲ့ သိမ်းယူခြင်းများကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် ဘာသာရေး အဆောက်အဦများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများသို့ လက်နက်ကြီးများ၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရသူများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ဆေးကုသခွင့်မပေးခြင်းတို့ကို ကျူးလွန်လုပ်ဆောင်လျက်ရှိပါတယ်။

စစ်ကောင်စီတပ်သားများသည် တရားရေးအရ အပြစ်ပေး အရေးယူခံရမှုနှင့် တာဝန်ခံမှုမှ ကင်းလွတ်နေချိန်တွင် နိုင်ငံတကာနှင့် ပြည်တွင်းဥပဒေများကို ဖောက်ဖျက်၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကဲ့သို့ လူမဆန်သော ရာဇဝတ်မှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိပါတယ်။ ပြည်သူ့နေအိမ် အနည်းဆုံး (၇၀,၀၀၀) နီးပါးအား မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် မရေတွက်နိုင်သော အသက်ပေါင်းများစွာသည် မီးရှို့မှုထဲတွင် သေဆုံးခဲ့ကြရပါတယ်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအပေါ်  ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် ပြည်သူ (၁.၇၆) သန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရလျက်ရှိပါတယ်။

တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူ (၃,၄၆၅) ဦး အထက် သတ်ဖြတ်ခဲ့မှုနှင့် ပြည်သူ (၂၁,၉၄၇) ဦးအား သေဆုံးမှုအတွက် တာဝန်ယူရမည် ဖြစ်ပါတယ်။ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်အား သေဒဏ်ပေးကွပ်မျက်ခဲ့ပြီး ပြည်သူ (၁၀၀) ကျော်အပေါ်၌လည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။

ထိုကဲ့သို့ ဆိုးရွားသော အခြေအနေများကြောင့် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများသည် လျင်လျင်မြန်မြန် ကျဆင်းသွားခဲ့ပြီး နိုင်ငံအား ကျဆုံးနိုင်ငံ အဖြစ်သို့ တွန်းပို့လျက်ရှိပါတယ်။

မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်များသည် လက်ရှိပဋိပက္ခကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို လုံးဝလျစ်လျူရှုလျက် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများကို ပိုမိုဆိုးရွားအောင် ဆောင်ရွက်လျက်ရှိပါတယ်။ ယခု စစ်ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် နိုင်ငံတကာ တရားရင်ဆိုင်နေရသူများ ဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် အခြားသော ဒေသများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ အခြေအနေများဆိုင်ရာ နိုင်ငံတကာလွှတ်တော်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုအား ကမ္ဘာတစ်ဝှမ်းက တုံ့ပြန် ဆောင်ရွက်မှုများ ရရှိနိုင်ရန် ဆောင်ရွက်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားသည့် အကျဥ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုချက်ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) ကို ချမှတ်ခဲ့မှုနှင့် စစ်ကောင်စီအပေါ် စီးပွားရေးနှင့် သံတမန်ရေး ဖိအားပေးမှုများ လုပ်ဆောင်ခဲ့သည့်အတွက်   ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ကြိုဆိုအသိအမှတ်ပြုပါတယ်။ ၂၀၂၃ ခုနှစ် မေလ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သည် အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရေး တောင်းဆိုတိုက်တွန်းချက်နှင့်စပ်လျဥ်းသည့် ဆုံးဖြတ်ချက်ကို အားလုံးသဘောတူညီမှုဖြင့် ချမှတ်အတည်ပြုခဲ့ပါတယ်။

မြန်မာလွှတ်တော်သည် ရာဇဝတ်မှုကျူးလွန်ထားသည့် စစ်တပ်မှတာဝန်ရှိသူများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား၍ ပိုမို ပြင်းထန်သည့် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းအား တောင်းဆိုထားပါတယ်။

ထို့အပြင် မြန်မာလွှတ်တော်သည် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီပေးရန်၊ ထိရောက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် လက်တွေ့ကျပြီး ထိရောက်သော အကူအညီများအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုထားပါတယ်။

နောက်ဆုံးအနေဖြင့် အခြားသော တောင်းဆိုချက်များအနက်မှ မြန်မာလွှတ်တော်သည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားမဝင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့် အခြားသော ဒီမိုကရေစီအင်အားစုများနှင့် နီးနီးကပ်ကပ် စဥ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုထားပါတယ်။ ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ပဋိပက္ခအား လက်တွေ့ကျကျ အချိန်မီ ဖြေရှင်းဆောင်ရွက်ရာတွင် အဓိကကျပါတယ်။

မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်နှင့် ရာဇဝတ်သားစစ်တပ်ခေါင်းဆောင်များက ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တောင်းဆိုအပ်ပါတယ်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ မြှင့်တင်ပေးနိုင်ရန် ကျွန်တော်တို့ အတူတကွ ကြိုးပမ်းပေးရပါမယ်။

Scroll to Top