မူလ / ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖက်ဒရယ်ကျန်းမာရေးမူဝါဒ (မူကြမ်း) နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ဖက်ဒရယ်ကျန်းမာရေးမူဝါဒ (မူကြမ်း) နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း

ဒီကနေ့ Federal Health Policy Development Seminar ဖြစ်မြောက်ရေး ကော်မတီက ဦးစီးကျင်းပတဲ့ “ဖက်ဒရယ်ကျန်းမာရေးမူဝါဒ(မူကြမ်း) နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အကြီးအကဲများ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များ၊ အမျိုးသားကျန်းမာရေးကော်မတီနှင့် ကျန်းမာရေးအဖွဲအစည်းများ၊ ကျန်းမာရေးဆိုင်ရာ အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့်တကွ ဧည့်တော်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုပါတယ်။ 

ဒီလိုအရေးကြီးတဲ့ အခမ်းအနားမှာ တက်ရောက်မိန့်ခွန်းပြောကြားခွင့်ရတဲ့အတွက် လည်း ကျွန်မအနေနဲ့ ဝမ်းသာဂုဏ်ယူပါတယ်။ ဖိတ်ကြားပေးတဲ့ Federal Health Policy Development Seminar ဖြစ်မြောက်ရေး ကော်မတီကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကိုယ်စား ကျေးဇူးတင်ရှိကြောင်း အလေးအနက် ပြောကြားလိုပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး စတင်ခဲ့တဲ့ ပြည်ထောင်စုသားအားလုံးအတွက် အဆင့်မီသော ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝခံစားနိုင်ရေး ရည်မှန်းချက်ဟာ ဒီကနေ့ဆိုရင် ရုပ်လုံးပေါ်လာတဲ့ အဆင့်ကို ရောက်နေပြီလို ကျွန်မတို့အနေနဲ့ သုံးသပ်ရှုမြင်ရပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်တဲ့နေရာမှာလည်း အားလုံးပါဝင်တဲ့ ဆွေးနွေးမှုကို အခြေတည် ခဲ့တဲ့အပြင် အဆင့်အတန်း၊ အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးကဏ္ဍ ပေါ်ပေါက်လာရေးကို ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာကို တွေ့ရတဲ့အတွက်လည်း ကျွန်မတို့အနေနဲ့ ပါဝင် ကြိုးပမ်းသူ အားလုံးကို ကျေးဇူးတင်သလို ဂုဏ်လည်း ပြုပါတယ်။

ကျွန်မတို့တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်ဆိုး ကြီးစိုးခံခဲ့ရမှုနဲ့အတူ တရားဥပဒေ စိုးမိုးမှု မရှိတာ၊ လုံခြုံမှုမရှိတာ၊ ဖွံ့ဖြိုးမှုနောက်ကျတာတွေအပြင် ပြည်သူတစ်ရပ်လုံးကလည်း ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ရယူသုံးစွဲနိုင်ခွင့်လည်း ဆုံးရှုံးခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကအစ ပြုပြင်ပြောင်းလဲရမယ့် ဥပဒေတွေ များ စွာရှိသလို ကောင်းမွန်တဲ့မူဝါဒတွေနဲ့ အစားထိုး အသစ်လဲလှဲရမယ့် ကဏ္ဍတွေလည်း များစွာ ရှိနေပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထုအတွက် အရေးတကြီးဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက် မှုကဏ္ဍလည်း ပါဝင်ပါတယ်။

စနစ်တစ်ရပ် ခိုင်မာအားကောင်းဖို့ဆိုတာ မူက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ မူနဲ့သာ စနစ်ကို ခိုင်အောင်၊ ကောင်းမွန်အောင် တည်ဆောက်နိုင်တာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးမှု ကို နားလည်သိမြင်မှုနဲ့အတူ စုပေါင်းဆွေးနွေးမှုနဲ့ အဖြေရှာနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ဒီဆွေးနွေးပွဲ ကြီး ပေါ်ပေါက်လာရခြင်းဖြစ်တယ်လို့လည်း သုံးသပ်မိပါတယ်။ ဒီကနေ့ ကျွန်မတို့ လူမဆန်တဲ့ စစ်အာဏာရှင်တွေကို ကြံ့ကြံ့ခိုင်ခိုင် တော်လှန်နေကြတာဟာ အုပ်ချုပ်သူ အစိုးရ အပြောင်း အလဲအတွက်တင်မဟုတ်ဘဲ ကောင်းမွန်တဲ့ စနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အရောင်အသွေးစုံတဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးကို အသစ်တစ်ဖန် တည်ဆောက်သွားနိုင်ဖို့ဟာ ကျွန်မတို့ အားလုံးရဲ့ ဘုံရည်မှန်းချက်ပါပဲ။ ဒီအချိန်ကာလမှာမှ ဒီအခွင့်အရေးကို ရအောင်ကြိုးပမ်းကြဖို့ ပြည်သူတစ်ရပ်လုံးကော၊ သက်ဆိုင်သူ အင်အားစု အသီးသီးကော နားလည်လက်ခံကြိုးစားနေကြတာလည်း အားတက်စရာကောင်းပါတယ်။

ကျွန်မတို့လို ဖွံ့ဖြိုးမှုအရမ်းနောက်ကျတဲ့ နိုင်ငံတွေမှာ ပုံမှန်အချိန်ကာလမှာတောင် စနစ်တစ်ခုက တစ်ခုကို ပြောင်းလဲဖို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တာ အားလုံးသိရှိထားကြပြီး ဖြစ်ပါတယ်။ အခုလို မတရားတဲ့နည်းနဲ့ တိုင်းပြည်အာဏာလုယူထားတဲ့  အကြမ်းဖက်စစ်တပ် ကို ဖြိုချရင်း စနစ်ကောင်းတစ်ခုကို တည်ဆောက်ကြရာမှာ ဘယ်လောက်ထိ ခက်ခဲတယ်၊ စိန်ခေါ်မှုများတယ်ဆိုတာ ကျွန်မတို့အပါအဝင် အားလုံးက သိရှိကြပြီးလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မတို့ရဲ့ ရည်မှန်းချက်အတွက် အပြန်အလှန်ဖေးမရင်း၊ စောင့်ရှောက် ရင်း ရှေ့ဆက်ကျဖို့ကသာ ကျွန်မတို့ရဲ့ ရွေးချယ်စရာလို့ မြင်မိပါတယ်။ ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလို ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ လက်တွေ့ ဖြစ်လာနိုင်ဖို့ အလုပ်တွေကိုသာ စုစုစည်းစည်း၊ ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရမှာ ဖြစ် ပါတယ်။ အပြန်အလှန် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အလုပ်တွေကို တိုးလုပ်သွား ကြရင် အောင်မြင်မှုဆိုတာလည်း ရှိလာမယ်လို့ ယုံကြည်ပါတယ်။

ဒီကနေ့ ဖက်ဒရယ်ကျန်းမာရေးမူဝါဒ ပေါ်ထွန်းလာရေး ကြိုးပမ်းမှုဟာ ကျွန်မတို့ မျှော်ရည်ကြိုးစားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အရေးကြီးတဲ့ မူဝါဒတစ်ရပ် ဖြစ် ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေကို အခြေတည်တဲ့ ဆွေးနွေးမှုများစွာနှင့်အတူ ဖက်ဒရယ် ကျန်းမာရေးမူဝါဒ ပေါ်ပေါက်လာဖို့အထိ ဆောင်ရွက်ခဲ့တာကို ကြည့်ရင် အလုပ်တွေ အများကြီး လုပ်ခဲ့တာကိုတွေ့ရသလို ပြည်သူအပေါ်ထားတဲ့ သနားစိတ်ကိုလည်း အထင်သား မြင်တွေ့ ရတဲ့အတွက်လည်း အထူးဝမ်းသာမိပါတယ်။ ဒီအောင်မြင်မှုဟာ ကျွန်မတို့အချင်းချင်းအကြား ညီညွတ်မှုကြောင့် ဒီအဆင့်အထိ ရောက်ရှိခဲ့တာလို့ သုံးသပ်မိသလို အပြည်အလှန် နားလည်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှုနဲ့ စုစည်းမှုကိုလည်း ပိုခိုင်မာသွားကြမယ်လို့ ယုံကြည်ပါတယ်။

အားလုံးပါဝင်တဲ့ ခိုင်မာအားကောင်းတဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်တစ်ရပ်နဲ့ ကျွန်မ တို့ ပြည်ထောင်စုသားအားလုံး ကျန်းမာရေးဆိုင်ရာ အခွင့်အရေးကို ပြည့်ပြည့်ဝဝ ရရှိခံစားနိုင် ရေး ရည်မှန်းချက် အမြန်ဆုံးပြည့်ဝနိုင်ဖို့အပြင် အခြေခံလူ့အခွင့်အရေး၊ တန်းတူရေး၊ လွတ်လပ် မှု၊ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ လူ့ဂုဏ်သိက္ခာနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်သွားနိုင်ဖို့ ကျွန်မတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် တွဲလက် ညီညီ ရှေ့ဆက်သွားကြပါစို့လို့ ဒီကနေ့အခမ်းအနားမှာ တိုက်တွန်းရင်း ကျွန်မရဲ့ အဖွင့်စကားကို ဒီမှာ ရပ်နားခွင့်ပြုပါ။

ဖက်ဒရယ်ကျန်းမာရေးမူဝါဒနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုကြီးလည်း အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေလို့ လေးလေးနက်နက် ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။ ကျေးဇူးတင်ပါတယ်။ 

Scroll to Top