မူလ / မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေး(၃/၂၀၂၅)တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့်မိန့်ခွန်း

မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေး(၃/၂၀၂၅)တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ပြောကြားသည့်မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
 
ယနေ့ မန္တလေးတိုင်းလွှတ်တော် တတိယအကြိမ် အထူးအစည်းအဝေးကို တက်ရောက် နေတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ်များနှင့် NUCC မှ ကိုယ်စားလှယ်များအပါအဝင် ဖိတ်ကြားထားတဲ့ လေးစားအပ်တဲ့ ပြည်တွင်း/ပြည်ပ ဧည့်သည်တော် ကြီးများအားလုံး၊ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ယနေ့အခမ်းအနားကို online ကနေ တိုက်ရိုက် ကြည့်ရှုနေကြတဲ့ ပြည်သူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ဒီကနေ့ အထူးအစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကိုယ်စား ကျနော့်အနေနဲ့ ဝမ်းမြောက်စကားပြောကြားခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
 
ယနေ့ မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ဆောင်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်း ကော်မတီက ပြင်ဆင်ရေးဆွဲထားသော မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ကို လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်အတည်ပြု ပြဋ္ဌာန်းသွားမှာဖြစ်တဲ့အတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အထူးပင် လေးစားဂုဏ်ပြုအပ်ပါတယ်။ ဒီလိုအနေအထားနဲ့ ဒီအဆင့်ထိရောက်အောင် ဘယ်လောက်ထိ ကြိုးစားခဲ့ကြတယ်၊ မန္တလေးတိုင်း ဒေသအတွင်းမှာ ရှိတဲ့ နိုင်ငံရေးအင်အားစုတွေ ဘယ်လောက်ထိ ညီညီညွတ်ညွတ် စုစည်းပြီးတော့ လုံ့လဥဿဟ စိုက်ထုတ်ခဲ့ကြတယ်ဆိုတာကိုလည်းပဲ မျက်ဝါးထင်ထင် တွေ့မြင်နေရတာဖြစ်ပါတယ်။ 
 
လုပ်ငန်း ကော်မတီအနေနဲ့  အစုအဖွဲ့စုံလင်စွာ စုစည်းတည်ဆောက်ခဲ့ပြီးတော့ ပြည်သူ လူထုထံမှ အကြံပြုမှု၊ လမ်းညွှန်ထောက်ပြမှုများနဲ့အတူ ယခုလို မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ(မူကြမ်း)ကို အောင်မြင်စွာ အတည်ပြုပြဋ္ဌာန်းသွားနိုင်တဲ့အထိ အဖက်ဖက်ကနေ ကြိုးစား ကြံဆောင်ချိတ်ဆက်ပူးပေါင်းမှုများအတွက် ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ 
 
မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ တစ်ခန်းချင်းစီရဲ့ အကောင်အထည်ဖော် ဆောင်သွားမယ့် လုပ်ငန်းကိစ္စရပ်တွေမှာ မန္တလေးဒေသ တော်လှန်ရေး အင်အားစုတွေအနေနဲ့ စုစု စည်းစည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ကလည်း မန္တလေးဒေသအတွက် အင်မတန်မှ အရေးပါ အရာရောက်ပြီး အလွန်မှလည်း အရေးကြီးတဲ့ အောင်မြင်မှုတစ်ရပ် ဖြစ်ပါတယ်။ မန္တလေးပြည်သူ များအတွက် ရည်ရွယ်ချက်ကောင်းများနဲ့ ရေးဆွဲပုံဖော်ထားတဲ့၊ တော်လှန်ရေးအင်အားစုအသီးသီး ရဲ့ ဆွေးနွေးမှုရလဒ်တွေကို ပေါင်းစည်းအခြေတည်ထားတဲ့ ဒီအစီအမံဟာ အသွင်ကူးပြောင်းရေး ဆိုင်ရာတရားမျှတမှု အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များအတွက် လွန်စွာမှ အထောက် အကူ ပြုသွားမယ်လို့ ကျွန်တော်တို့အနေနဲ့ သုံးသပ်ရှုမြင်မိပါတယ်။ 
 
လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကနေပြီးတော့ ပြည်သူလူထုရဲ့ တရားဝင်ဖြစ်တည်မှုရလဒ်ဟာ ပြည်သူလူထုရဲ့ပေးထားတဲ့ ပြည်သူ့ရဲ့ လွှဲအပ်တဲ့ ဆန္ဒကို မန္တလေးတိုင်းလွှတ်တော်က အခိုင်အမာရရှိထားပြီး ဖြစ်ပြီးတော့ တော်လှန်ရေးနဲ့ မန္တလေး တိုင်း ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဥပဒေပြုရေးအစီအမံများ လုပ်ဆောင်လျက်ရှိနေတာဟာ ဒီလိုခိုင်မာတဲ့ တရားဝင်မှုကို ကမ္ဘာကသိအောင် ပြသရာရောက်ပြီးတော့ စစ်အုပ်စုရဲ့ ဘယ်လိုသော တရားမဝင်အတုအယောင်ရွေးကောက်ပွဲကမှ ဖျောက်ဖျက်လို့ မရနိုင်ဘူးဆိုတာကို သက်သေပြ ရာလည်း ရောက်တဲ့ အင်မတန်မှ အရေးပါတဲ့ မှတ်တိုင် တစ်ခုဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထု ပေးထားတဲ့ တရားဝင် Mandate နဲ့ တရားဝင်လွှတ်တော်က တော်လှန်ရေးအင်အားစုများဘက်မှာ မားမားမတ်မတ်တည်ရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်ဆိုတာ ကမ္ဘာကို ရှင်းရှင်း လင်းလင်း ထုတ်ပြနိုင်တာလည်း ဖြစ်ပါတယ်။ 
  
နိဂုံးချုပ်အနေနဲ့ မန္တလေးတိုင်းလွှတ်တော်အနေနဲ့ မန္တလေးဒေသ ကြားကာလ အစီအမံ (မူကြမ်း) ကို အတည်ပြုပြီးတဲ့နောက်မှာလည်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်မှာ အခြားတော်လှန်ရေးအင်အားစုများနဲ့အတူ လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက် လျက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် နိဂုံးချုပ်အပ်ပါတယ်။
 
အားလုံးကိုကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။ 
Scroll to Top