မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ကြီးမှူးကျင်းပသည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ကြီးမှူးကျင်းပသည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် အမှတ်တရစကား

ဒီကနေ့ကျင်းပတဲ့ အာဇာနည်နေ့‌ အောက်မေ့ဖွယ် နိုင်ငံ‌တော်အဆင့် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်များနှင့် အဖွဲ့အစည်း/ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြား ထားသော သံတမန်များနှင့် ဧည့်သည်တော်ကြီးများ ၊ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှု့နေကြတဲ့ ပြည်သူလူထုအားလုံး ကိုယ်စိတ်နှလုံးအေးချမ်းသာယာပြီး ယခု ကြုံတွေ့နေရသော ဘေးဒုက္ခအပေါင်းမှလည်း အမြန်ဆုံး ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကတော့ တိုင်းပြည်လွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရ သောနေ့အား အောက်မေ့တသသောအားဖြင့် ကျင်းပတဲ့ (၇၅) နှစ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် (၁၉) ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ မိမိတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်များအား လက်နက်အားကိုးဖြင့် ပစ်ခတ်လုပ်ကြံခံရသည့်အတွက် မိမိတို့နိုင်ငံနှင့် ပြည်သူ များအတွက် ဝမ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျေးဇူးကို လေးစားတန်ဖိုးထားကာ နိုင်ငံတစ်ဝှမ်း အောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင်းပ ကြတာ ဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးနှင့်စည်းရုံးရေး လုပ်ငန်းများကို အထိရောက်ဆုံး ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာတစ်မျိုးသားလုံး၏ ယုံကြည်ကိုးစား အားထားခြင်းခံရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားဂုဏ်ပြုခြင်း ဖြစ်သလို အမျိုးသား ခေါင်းဆောင်ကြီးများ၏ ရဲရင့်ခိုင်မာတည်ကြည်သော စိတ်ဓာတ်များကို အတုယူ ကျင့်သုံးကြဖို့လည်း ရည်ရွယ်၍ အခုလိုကျင်းပရခြင်းဖြစ်ပါတယ်။ အာဇာနည်စိတ်ဓာတ်ဆိုတာ သတ္တိရှိခြင်း၊ ရဲရင့်ပြတ်သားခြင်း၊ ကိုယ်ကျိုးကိုမကြည့်ဘဲ အများကောင်းကျိုးအတွက်၊ တိုင်းပြည် အတွက် စွန့်လွှတ်အနစ်နာခံတဲ့ မြင့်မြတ်သော စိတ်ဓာတ်ကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။

ယနေ့အချိန်မှာလည်း အာဏာ လောဘရမ္မက်ကြီးတဲ့ အမြော်အမြင် နည်းပါးလှတဲ့ စစ်အာဏာရှင်တစ်စုက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ကာ အပ်နှင်းထားသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး ပြည်သူ့ အစိုးရထံမှ မတရားရယူသိမ်းပိုက်ခဲ့သည့်အပြင် ပြည်သူလူထုကိုလည်း ဥပဒေမဲ့ နိုင်ထက် စီးနင်း သတ်ဖြတ်နေမှုများကြောင့် တိုင်းပြည်တစ်ဝှမ်းမှ တိုင်းရင်းသားပြည်သူများက မိမိတို့ကျရာကဏ္ဍအသီးသီးမှ ရရာနည်းလမ်းများဖြင့် စစ်အာဏာရှင်များကို ခုခံဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။

တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးအတွက် နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်ကြရင်း အသက်ပေးသွားကြ တဲ့ သူရဲကောင်းများကိုလည်း ဒီနေ့အခမ်းအနားကတစ်ဆင့် လေးစားစွာ ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့၏ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည် အပေါ် စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်တို့၏ ဂုဏ်ရည်ကို ကမ္ဘာတည်သရွေ့မေ့ဖျောက်လို့မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ကျိုးမကြည့် ဘဲ စံပြနမူ တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတဲ့ သူရဲကောင်းအပေါင်း ကိုလည်း မိမိတို့ ထာဝရ အောက်မေ့သတိတရ ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် ခေတ်အဆက်ဆက် နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် မိမိတို့၏အသက်အိုးအိမ်စည်းစိမ်ကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အာဇာနည် သူရဲ ကောင်းအပေါင်းတို့၏ တန်ဖိုးကို လေးစားသောအားဖြင့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ လမ်းစဉ်အတိုင်း မျှော်မှန်းကြိုးပမ်းခဲ့သည့် နိုင်ငံတော်သစ်ထူထောင်ရေးဆီသို့ အတူတကွ လက်တွဲကြိုးပမ်း တည်ဆောက်သွားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူများရဲ့ ညီညွတ်ခြင်းအင်အား များကြောင့်သာ ရည်မှန်းချက်များ အောင်မြင်နိုင်ခဲ့တာဟာ သမိုင်းက ပေးတဲ့ သင်ခန်းစာကောင်း ဖြစ်ပါတယ်။

ယနေ့နိုင်ငံရေးအခင်းအကျင်းအရ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအကြား ပိုမိုစည်းလုံးညီညွတ်စွာနဲ့ လက်တွဲညီညီ လျှောက်လှမ်းကြမယ်ဆိုင်ရင် မိမိတို့ရဲ့ ခရီးပန်းတိုင်းဆီ အမြန် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန် နားလည်မှုများ တည်ဆောက်နိုင်ဖို့ ဘက်ပေါင်းစုံမှ သဘောထားကြီးစွာ၊ အမျှော် အမြင်ကြီးစွာ ကြိုးပမ်းကြဖို့ လိုပါတယ်။ သွေးစည်း ညီညွတ်မှုဖြင့်သာ စစ်အာဏာ ရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးသားခေါင်းဆောင် ကြီးမှာ မျှော်မှန်းကြိုးပမ်းခဲ့တဲ့၊ ယနေ့မိမိတို့ မျှော်လင့်ကြီးစွာ ကြိုးပမ်းနေကြတဲ့ တရားမှုတ၍ လွပ်လပ်သော ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တို့က လှည့်စားသွေးခွဲရန် ကြံစည်ဖျားယောင်းနေ သော်လည်း မိမိတို့ တော်လှန်ရေးအင်အားစု တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ပိုမိုစည်းလုံးစွာ ခိုင်မြဲသော ထာဝရ တွဲလက်များဖြင့် လျှောက်လှမ်းကြဖို့ အထူး တိုက်တွန်း မေတ္တာရပ်ခံပါတယ်။

ယခုကဲ့သို့ (၇၅) နှစ်မြောက်အာဇာနည်နေ့ အခါသမယတွင် အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့တဲ့ တရားမျှတလွတ်လပ်ခြင်းနဲ့ သာတူညီမျှရှိတဲ့ နိုင်ငံတော်ဖြစ်စေဖို့ စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အမြစ်ဖြတ် ချေမှုန်းကာ ငြိမ်းချမ်း သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာ စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမည် ဟု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကိုယ်စား လေးနက် ခိုင်မာစွာကတိပြု သစ္စာပြုရင်း နိဂုံးချုပ်အပ်ပါတယ်။


The Committee Representing Pyidaungsu Hluttaw

Scroll to Top