၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်
ယနေ့ ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်များ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ NUCC မှ ကိုယ်စားလှယ် များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ပြည်ထောင်စုသွေးချင်း ညီအကိုများ၊ တော်လှန်ရေးရဲဘော်များ၊ နိုင်ငံတကာ မှ ဧည့်သည်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သရင်း မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနား ကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဥ်နှစ်တိုင်း ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ဒီမိုကရေစီနိုင်ငံများမှာ ကျင်းပခဲ့ကြ တာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံသားများ မျိုးဆက်သစ်များ အနေနဲ့ ဒီမိုကရေစီစနစ်ကပေးတဲ့ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းစတဲ့ လူသားအခွင့် အရေးများကို တန်ဖိုးထားအမှတ်ရစေရန် ကျင်းပကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးရပြီး ၁၀ နှစ်မျှ ခဏသာ ပါလီမန်ဒီမိုကရေစီ အစိုးရရှိခဲ့ပြီး ရာစုနှစ်ဝက်လောက် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ တဖန် အကန့် အသတ်နဲ့ ဒီမိုကရေစီရဲ့ အရသာကို ခံစားခဲ့ကြရပါတယ်။ အကန့်အသတ်နဲ့ ဒီမိုကရေစီကို ခံစားရချိန် မှာတောင် နိုင်ငံအတွက် အရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတွေမှာဆိုရင် ယခင်နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင်အဆက်ဆက် လက်ထက်နဲ့ ၈ နှစ်တာ ဒီမိုကရေစီကာလ အတွင်းမှာ တိုင်းပြည် ရဲ့ စွမ်းဆောင်ရည်မှာ သူမတူအောင် ကွာခြားသွားတယ်ဆိုတာကို အားလုံးလည်း နားလည်ခံစားမိမယ် ထင်ပါတယ်။ ဒီမိုကရေစီပြည်သူ့အစိုးရလက်ထက်မှာ ပြည်ထောင်စုဟာ တည်ငြိမ်ဖွံ့ဖြိုးပြီး၊ တရား ဥပဒေစိုးမိုးကာ အကျင့်ပျက်ခြစားမှုများပါ အနိမ့်ဆုံးကာလ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း လုံခြုံရေး ကိုသာမက ဖွံ့ဖြိုးတိုးတက်ရေးတွေကိုပါ ဒီမိုကရေစီပြည်သူ့အစိုးရက စွမ်းဆောင်နိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်ကစပြီး ဒီမိုကရေစီ ပြည်သူ့အစိုးရကို အကြမ်းဖက်စစ်တပ်က ပြောင်ပြောင်တင်တင်းပဲ လက်နက်အားကိုးနဲ့ အနိုင်ကျင့်စော်ကားခံခဲ့ရပြန်ပါတယ်။ ဒါကြောင့် မြန်မာ လူထုတစ်ရပ်လုံးဟာဆိုရင် သူတို့ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီအခွင့်အရေးတွေအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေကြပြီး ဒီရာစုနှစ်အတွက်တော့ သမိုင်း မှတ်ကျောက် အတင်ခံရမယ့် ဂုဏ်ယူဖွယ်ရာ ပြည်သူလူထုကြီးပဲ ဖြစ်ခဲ့ပါတယ်။
မြန်မာပြည်သူလူထုရင်ထဲမှ နားလည်လက်ခံထားတဲ့ ဒီမိုကရေစီစနစ်ဆိုတာဟာ မည်သည့် ပြည်ပနိုင်ငံ၊ မည်သည့်အဖွဲ့အစည်းရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့်မဟုတ်ဘဲ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးမှန်သမျှကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရတဲ့၊ ခံစားနေရတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင့်တမှု ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို နှိမ်နင်းနိုင်မည့်၊ ဒီစနစ်ဆိုးက လွတ်မြောက်နိုင်မည့် တစ်ခုတည်းသောစနစ်အဖြစ် ဒီမိုကရေစီလူ့အဖွဲ့အစည်းကို မျှော်လင့် လိုလားကြတာဖြစ်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစု အသီးသီးသည်လည်း တန်းတူ ညီမျှရေးအတွက် တိုက်ပွဲဝင်ရာမှာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို နှစ်ပေါင်းများစွာ ခံခဲ့ ရသူတွေဖြစ်လို့ ဒီမိုကရေစီစနစ်အောက်မှာ တန်းတူညီရေး အာမခံချက်တွေကို လက်တွေ့ကျကျ ရှာဖွေ နေကြခြင်းပဲ ဖြစ်တယ်လို့ နားလည်မိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်တွေ့ လူနေမှုဘဝ၊ နိုင်ငံရေးဖြစ်စဥ်တို့ဟာဆိုရင်လည်း အရောင် အသွေး စုံလင်ကွဲပြားလှပါတယ်။ ဒီလိုကွဲပြားမှုတွေကို တစ်စုတစ်စည်းတည်း စုစည်းပေါင်းစပ်နိုင်ဖို့ ဆိုတာဟာ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း တစ်ခုခုရဲ့ စွမ်းဆောင်မှုနှင့်မှ မရနိုင်ပါ။ အားလုံး ပါဝင်နိုင်သည့် စုပေါင်းခေါင်းဆောင်နိုင်သည့် အခင်းအကျင်း၊ အပြန်အလှန်လေးစားသည့် ယဥ်ကျေးမှု၊ မတူညီမှုများကို နားလည်ပေးနိုင်သည့် အင်အားစုများ စုပေါင်းထားမှသာ လက်တွေ့ကျကျ ပြည်ထောင်စုတစ်ခုကို တည်ထောင်လို့ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖော်ပြပါ လိုအပ်ချက်တွေ ဟာ ဒီမိုကရေစီစနစ်အောက်မှာသာ ဖြစ်ထွန်းလာနိုင်တာ ဖြစ်တာကြောင့် ဒီမိုကရေစီဟာ မြန်မာ့ရေခံ မြေခံ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ စနစ်တစ်ခုဖြစ်တယ်ဆိုတာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ ခေါင်းဆောင်များရော၊ ပြည်သူများကပါ နားလည်လက်ခံထားကြမယ်လို့လည်း ယုံကြည်ပါတယ်။
အချုပ်အားဖြင့် မြန်မာလူထုဟာ ဒီမိုကရေစီစနစ်ကို ဘဝပေးအသိအရ လိုလားတောင့်တကြ သူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်း စုံလင်ကွဲပြားမှုတွေကို အာမခံနိုင်သည့် စနစ်သည် လည်း ဒီမိုကရေစီစနစ်သာ ဖြစ်ပါတယ်။ ဒေသတွင်း တည်ငြိမ်လုံခြုံရေးနှင့် ပြည်ထောင်စု တိုးတက် ဖွံ့ဖြိုးရေးအတွက်လည်း ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် ဒီမိုကရေစီစနစ်ကသာ အာမခံနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့ အဓိကရည်မှန်းချက်က ဒီမိုကရေစီကို ဆိတ်သုဉ်းစေနိုင်တဲ့ စစ်အာဏာရှင်အပါအဝင် မည်သည့်အာဏာရှင်ကိုမျှ လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို ထူထောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်များကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် တိုက်ပွဲဝင် ပြည်သူများအားလုံး၊ တော်လှန်ရေး အင်အားစုများအားလုံး၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအားလုံးနှင့်တကွ နိုင်ငံတကာအစိုးရများမှ အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ် ပါတယ်။
အရေးတော်ပုံအောင်နေပါပြီ။


