မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်းကျင်းပသည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ အမှတ်တရစကား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်းကျင်းပသည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ အမှတ်တရစကား

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်

(၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စား လှယ်များ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်းများ၊ အာဇာနည် ခေါင်းဆောင်ကြီး များရဲ့ မိသားစုများ၊ နိုင်ငံတကာ သံတမန်များနှင့် ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက် ထုတ်လွှင့်မှု ကိုကြည့်နေကြတဲ့ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှလုံး အေးချမ်း ကျန်းမာပါစေ ကြောင်း ဆန္ဒပြုရင်း လေးစားစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒီကနေ့အခမ်းအနားမှာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကိုယ်စား အောက်မေ့ဖွယ် အမှတ်တရစကား ပြောခွင့်ရတဲ့အတွက်လည်း အလွန်အင်မတန်မှ ကျေးဇူးတင် ကြောင်း ပြောကြားလိုပါတယ်။

လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူများခင်ဗျား–
ကျွန်တော်တို့ မြန်မာ့သမိုင်းကို ပြန်လှည့်ကြည့်တဲ့အခါမှာ ဆယ့်ကိုးဇူလိုင် ဟာ ကျွန်တော်တို့ မျိုးဆက် အဆက်ဆက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းပြီးတော့ အမှတ်တရရ၊ လွမ်းတသသ ဖြစ်ကြ ရတဲ့ နိုင်ငံတော်အဆင့် ဝမ်းနည်းဖွယ် နေ့တစ်နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင် ကြီးများရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိခဲ့တဲ့ စေတနာ၊ စွန့်လွှတ် ကြိုးပမ်း ပေးဆပ်ခဲ့မှုများတွေ ဟာ နှစ်တွေ ဘယ်လောက်ပဲကြာကြာ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ရေးရရှိနိုင်ရေး ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ကြိုးပမ်းမှုတွေကြောင့် တိုင်းပြည်ဟာ လွတ်လပ်တဲ့နိုင်ငံ ဖြစ်ခဲ့ပေမယ့်လို့ ပြည်သူတွေကတော့ လွတ်လပ်ခြင်းရဲ့ အရသာ၊ တိုးတက်မှုရဲ့ အသီးအပွင့်တွေကို အနည်းငယ်မျှသာ ခံစားနိုင်ခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ ခေတ်အဆက် ဆက် စစ်အာဏာရှင်များရဲ့ အာဏာရူးများကြောင့် ပြည်သူတစ်ရပ်လုံးဟာ ဒုက္ခဆင်းရဲကြီးစွာ ရှင်သန်ကြီးပြင်းခဲ့ရပြီးတော့ တိုင်းပြည်ဟာလည်းပဲ ကမ္ဘာ့အလယ်မှာ အရာရာနောက်ကျတဲ့ တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ခေါင်းဆောင်ကြီးများဟာ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ လွတ်လပ်မှုရှိဖို့၊ တန်းတူညီမျှမှုရှိဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်ကြီးကြီးထားပြီး ကြိုးပမ်းခဲ့ကြပေမယ်လို့ ဒီကနေ့ (၇၈) နှစ်ကြာအချိန်အထိ ဒီရည်မှန်းချက်တွေ ဘယ်လောက် အကောင်အထည်ဖော် ဆောင်ခဲ့ကြသလဲဆိုတာ ကျွန်တော်တို့ မှန်မှန်ကန်ကန် သုံးသပ်ပြီး ပြုပြင်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ မတူတော့တဲ့ ခေတ်အခြေအနေ၊ မတူတော့တဲ့ နိုင်ငံရေးအခင်း အကျင်းတွေနဲ့ ရှိရင်းစွဲအနေအထား၊ ဖြစ်လာလတ္တံသော ဖြစ်သင့်ထိုက်တဲ့ ရလဒ်မျိုးဆီ ချည်းကပ် အကောင် အထည်ဖော်ခြင်းကသာ ဒီကနေ့ မိမိတို့ရဲ့ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ဒီကနေ့ မိမိတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများဟာ လွန်ခဲ့တဲ့ (၇၈) နှစ်ကျော် ကာလတွေမှာ တိုင်းပြည်လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ မိမိတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးများ ကြုံတွေ့ရမှုများဟာ အလားသဏ္ဍာန်အားဖြင့်တော့ တူညီနေတယ်ဆိုတာ သုံးသပ်မိပါတယ်။ တိုင်းတစ်ပါးရဲ့ကျူးကျော်မှုကို ခုခံတွန်းလှန်နေရတာနဲ့ ကိုယ့်လူမျိုးအချင်းချင်း လက်နက် အားကိုးပြီး တိုင်းပြည်အာဏာလုယူထားတဲ့ စစ်အာဏာရှင်များကို ဆန့်ကျင် တွန်းလှန်ရတာက ကွဲလွဲနေပေမယ့်လို့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လို တည်ဆောက်ကြမလဲဆိုပြီး ကြိုးပမ်းရမှာတော့ အတူတူပဲ ဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားပြည်သူများခင်ဗျား–
တိုင်းရင်းသားညီနောင်များအကြား စုစည်းညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သလို ဒီကနေ့ ကျွန်တော်တို့ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုလည်း ဒီလို ညီညွတ်မှုအားနဲ့သာ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းခြင်းကသာ မိမိတို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို တန်းဖိုးထားရာ ရောက်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ အိပ်မက်ဟာ အပြောကျယ်သလောက် အလွန်ပဲ နက်ရှိုင်း ကျယ်ဝန်းလှတယ်ဆိုတာ အားလုံး အသိ ဖြစ်ပါတယ်။ အဓိက အရေးကြီးတဲ့ အချက်က ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို ဖြိုချနိုင်မှသာ ဖက်ဒရယ်ခရီးဟာ ပိုပြီးတော့ မြန်မြန်ရောက်နိုင် မယ်ဆိုတာ အားလုံးလက်ခံပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

စစ်အာဏာရှင်ကို စုပေါင်းအားနဲ့ ဖြိုချနေချိန် တစ်ချိန်တည်းမှာလည်း ကျွန်တော်တို့ရဲ့ ပန်းတိုင်ဆီ အင်အားစုအများစုက လက်ခံလိုက်ပါနိုင်မယ့် အခင်းအကျင်းတစ်ရပ်၊ ချည်းကပ်နည်း တစ်ခုနဲ့ သွားနိုင်ဖို့လည်း ကြိုးစားသွားကြရမယ်လို့ သုံးသပ်မိပါတယ်။ အင်အားစုတစ်ခုနဲ့ တစ်ခု၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားမှာ အပြန်အလှန်အသိအမှတ်ပြုမှု၊ တန်ဖိုးထားမှုနဲ့ ပူးပေါင်း ဆောင်ရွက်သွားကြခြင်းဟာ ညီညွတ်ရေးကို အားကောင်းစေတဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးများက လွတ်လပ်ရေးကို စုပေါင်းအားနဲ့ ကြိုးပမ်းရယူနိုင်ခဲ့ သလို မိမိတို့အချင်းချင်းကြားမှာလည်း တွဲလက်ခိုင်ခိုင်ထားပြီး တိုင်းပြည်နဲ့လူမျိုးကို စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်အောင် ကြိုးပမ်းသွားနိုင်မယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။

အာဏာယစ်မူးတဲ့ စစ်အာဏာရှင်တွေဟာ တိုင်းပြည်အာဏာကို နည်းတစ်မျိုးနဲ့ ထပ်မံ ထိန်းချုပ်ထားနိုင်ဖို့ အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အပူတပြင်း ကြိုးပမ်း နေပါတယ်။ စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေသမျှ ဖက်ဒရယ်ရည်မှန်းချက်၊ ဒီမိုကရေစီ ရည်မှန်းချက်များ ဟာလည်းပဲ အကောင်အထည်ဖော်ဖို့ ဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို တန်ဖိုးမထားတဲ့၊ တရားဥပဒေစိုးမိုးမှုကို မနှစ်သက်တဲ့ စစ်အာဏာရှင်များဟာ ဒီခရီးကို ဟန်ပြလုပ်ပြရင်း လက်တွေ့ နဲ့ ဝေးအောင် နည်းအမျိုးမျိုးနဲ့ ဟန့်တားနေဦးမှာ ဖြစ်ပါတယ်။ ဒီလို အခင်းအကျင်းကသာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ မမှန်ကန်တဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ပေးထားနိုင်မယ် ဆိုတဲ့ အနေအထားနဲ့ မျှော်လင့်ဆောင်ရွက်နေကြတယ်ဆိုတာ မြင်တွေ့နေရပြီးဖြစ်ပါတယ်။

ဒီလိုသမိုင်းသံသရာလည်မှုကို ရပ်တန့်နိုင်ဖို့၊ ငြိမ်းချမ်းတဲ့ လွတ်လပ်တဲ့ ဖွံ့ဖြိုးတဲ့ အနာဂတ် နိုင်ငံတော်သစ်အတွက် အာဇာနည်ခေါင်းဆောင်ကြီးများနည်းတူ ဒီကနေ့ရဲ့ မျိုးဆက်သစ်လူငယ် သူရဲကောင်းများဟာ အသက်၊ ခန္ဓာ၊ သွေးချွေး အများကြီး အဆုံးရှုံးခံပြီး ဒီကနေ့အထိ မယိုင်မလဲ ကြိုးပမ်းနေကြပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဇာတိစွဲမရှိ၊ လူမျိုးစွဲမထား၊ ပြည်နယ် /ပြည်မ မခွဲခြားဘဲ တစ်ပြည်လုံးလွတ်မြောက်ရေး ဦးတည်ချက်နဲ့ နိုင်ငံတစ်ဝှမ်းမှာ အာဏာရှင် တွေကို အမြစ်ဖြတ်နိုင်ဖို့ စွန့်လွှတ် ကြိုးပမ်း နေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားကနေ နွေဦးတော်လှန်ရေးခရီးကြမ်း တစ်လျှောက်မှာ အသက်ပေးဆပ်ခဲ့ကြရတဲ့ မျိုးဆက်သစ်သူရဲကောင်း များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကိုယ်စား ဦးညွှတ်အလေးပြုပါတယ်။

ခြေလက်ကိုယ်အင်္ဂါ ဆုံးရှုံးသွားကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့သာမက အနာဂတ် နိုင်ငံတော်သစ်မှာ ထိခိုက် ဆုံးရှုံးသွားကြတဲ့ သူတိုင်းအတွက် ချမှတ်ဆောင်ရွက်သွားနိုင်မယ့် မူဝါဒတွေကိုလည်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။
“တည်ဆောက်ရင်းတိုက်၊ တိုက်ရင်းတည်ဆောက်” ဆိုသလို စစ်အာဏာရှင်စနစ် အဆုံးသတ် နိုင်ဖို့နည်းတူ နိုင်ငံတော်ကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတဲ့ လူမှုအသိုက်အဝန်းတွေ၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေကစလို့ နိုင်ငံတော်သစ်တည်ဆောက်ရေး မှာ မဖြစ်မနေ ဦးစားပေး လုပ်ဆောင်သွားရမှာတွေကို ပြင်ဆင်ရင်း ကြိုးပမ်းနေကြရတဲ့ ကာလ ဖြစ်ပါတယ်။

ဒါကြောင့် အင်အားစုများအကြား ညီညွတ်မှုကို ပိုမိုမြှင့်တင်ဖို့လိုသလို ပူးပေါင်း ဆောင်ရွက် မှုတွေလည်း တိုးမြှင့်နိုင်မှ ဟန်ချက်ညီတဲ့ အရွေ့၊ အပြောင်းအလဲတစ်ခုကို မြန်မြန်ဆန်ဆန် ဖန်တီးနိုင်မယ်ဆိုတာ အားလုံးလက်ခံကြလိမ့်မယ်လို့ ယူဆပါတယ်။ အတိတ်က နိုင်ငံရေးဖြစ်စဉ် တွေကို သင်ခန်းစာယူပြီး အနာဂတ်နိုင်ငံတော်သစ်ကို လက်တွေ့ကျတဲ့နည်း၊ လုပ်နိုင်တဲ့ အစ ကနေ တွဲလက်ညီညီ ဆက်လက်ချီတက်ကြဖို့ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ်။

ခေါင်းဆောင်ကြီးများ၊ ကိုယ်စားလှယ်ကြီးများနဲ့ တိုင်းရင်းသားပြည်သူများခင်ဗျား–
ကျွန်တော်တို့ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များအနေနဲ့လည်းပဲ ပြည်သူလူထု က တရားဝင်အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာ၊ နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းရဲ့ တရားဝင် အသိအမှတ်ပြုမှုတို့ကို နိုင်ငံရေးလက်နက်အဖြစ် ဆက်လက်ကိုင်စွဲပြီး ရည်မှန်းချက် တူညီတဲ့ အင်အားစုအသီးသီးနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ်ဆိုး အဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်နိုင်ရေးအတွက် ဦးလည်မသုန် ကြိုးပမ်းသွားမယ်ဆိုတာ ဒီနေ့ (၇၈) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အလေးအနက် ထပ်လောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာနဲ့ လုပ်ရပ် အတိုင်းအတာဟာ ပြည်သူ ကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ပြည်သူများရဲ့ မှတ်ကျောက်တင်ခံရဖို့ဆိုတာ နိုင်ငံ အတွက် ဘာတွေ အကျိုးပြုခဲ့သလဲဆိုတဲ့ ပေတံပဲလို့ မှတ်ယူပါတယ်။ တိုင်းပြည်အတွက် ဦးညွှတ် ထိုက်တဲ့၊ ထာဝရတန်ဖိုးထား အသိအမှတ်ပြုခံထိုက်တဲ့ အာဇာနည်များထုံးကို နှလုံးမူပြီး တိုင်းပြည် အတွက်၊ ပြည်သူတစ်ရပ်လုံးအတွက် ဦးညွှတ်ထိုက်တဲ့၊ ထာဝရတန်ဖိုးထား အသိအမှတ်ပြုခံ ထိုက်တဲ့သူများအဖြစ် ကြိုးပမ်းသွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးများနှင့် မျိုးဆက်သစ် သူရဲကောင်း အာဇာနည်များကို ဦးညွှတ်အလေးပြုပါတယ်။

အရေးတော်ပုံ မုချအောင်ကို အောင်ရမည်။

Scroll to Top