မူလ / (၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်အမှာစကား

(၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်အမှာစကား

၁၂-၂-၂၀၂၅ (ဗုဒ္ဓဟူးနေ့)

(၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်ကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် တိုက်ရိုက်ထုတ်လွှင့် မှုမှတစ်ဆင့် ကြည့်ရှုနေကြပါသော ပြည်ထောင်စုတိုင်းရင်းသားပြည်သူများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုရင်း ဦးစွာ နှုတ်ခွန်းဆက်သပါတယ်။

ယနေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတို့က ပူးပေါင်း စီစဉ်ကျင်းပ ပြုလုပ်တာဖြစ်ပါတယ်။ တက်ရောက်ချီးမြှင့်ပေးပါသော အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် ပေးပို့လာသော သဝဏ်လွှာများအတွက်လည်း အထူး ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါတယ်။ လွန်ခဲ့သော ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိမိတို့ရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများဟာ အတူ တကွ လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ပြီး အမျိုးသားတန်းတူရေးကို အာမခံတဲ့ ပြည်ထောင်စု ကြီးကို အတူတကွတည်ဆောက်သွားကြဖို့ သမိုင်းဝင်ပင်လုံစာချုပ်ကို အပြန်အလှန်နားလည် ယုံကြည်မှု၊ တန်ဖိုးထားအသိအမှတ်ပြုမှုများနှင့်အတူ ချုပ်ဆိုနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီအတိတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့တာ က လေးနက်တဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များနဲ့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးကာလမှာ အခက်အခဲတွေကို အတူတူဖြတ်ကျော်ပြီး ညီနောင်တိုင်းရင်းသား အင်အားစု များအကြား ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ အမျှော်အမြင်ကြီးမှုတို့ကို အခြေတည် လျှောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မျှော်မှန်းခဲ့တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်မလာဘဲ တပြည်ထောင်စနစ်ကတစ်ဆင့် စစ်အာဏာရှင်ကြီးစိုးမင်းမူ တဲ့ အောက်ကို ရောက်ရှိခဲ့တာ ဒီနေ့အထိ အရှိတရားဖြစ်နေပါတယ်။ ပင်လုံစာချုပ်ဟာ စာရွက် ပေါ်မှာပဲ ရပ်နေခဲ့ပြီး ပင်လုံကတိကဝတ်များဟာ အသက်မဝင်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ဒီကနေ့အချိန်ကာလကတော့ လက်ရှိတော်လှန်ရေးကြီးကနေ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ အချိန်အခါလို့လည်း ရှုမြင်မိပါတယ်။ ဖက်ဒရယ်မူကို အခြေတည်ပြီး လက်ရှိ အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီးတော့ ပိုမိုပြည့်စုံတဲ့ အခင်းအကျင်း၊ ပိုကောင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်ဖို့ အချိန်ရောက်ပြီလို့ သတ်မှတ်ပြီး စုပေါင်းအားနဲ့ လျှောက်လှမ်းကြလျှင် ပြည်သူတစ်ရပ်လုံးအတွက် သမိုင်းသံသရာဆိုးနဲ့ ကြီးပြင်းရမှုကို အပြီးတိုင် ချုပ်ငြိမ်းစေမှာဖြစ်ပါတယ်။

(၇၈) နှစ်တိုင် တိမ်မြုပ်နေတဲ့ ပြည်ထောင်စုမျှော်ရည်ချက်ကို လက်ဝယ်ပိုင်ပိုင် ရရှိဖို့ အချိန်တော်ပါပြီ။ ဒီအတွက် လူမျိုးတစ်မျိုး၊ အင်အားတစ်စု၊ အစုအဖွဲ့ တစ်ခုတည်းက ဆောင်ရွက် နိုင်တာ မဟုတ်တဲ့အတွက်ကြောင့် ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာကနေ လက်တွေ့ ကျပြီး အဖြေထွက်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို အင်အားစုများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက် ကြရမယ်လို့ မြင်မိပါတယ်။

မိမိတို့၏ နွေဦးတော်လှန်ရေး ခရီးလမ်းဟာ (၄) နှစ်တာကာလသို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပါဝင်ကြိုးပမ်းနေကြတဲ့ အင်အားစုအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီး ဟာလည်း ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ဖို့ စိတ်အားထက်သန်စွာ ကိုင်စွဲကြိုးစားနေကြသလို ကျနော်တို့ရဲ့ အခြေခံပြည်သူလူထုများကလည်း ဖက်ဒရယ် ပြည်ထောင်စု အိပ်မက်ကို ဆန္ဒပြင်းပြနေတာလည်း အထင်အရှား မြင်တွေ့နေရပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးကို ဦးတည်လျှောက်လှမ်းနေကြသည့် မိမိတို့ရဲ့ ဦးတည်လမ်းကြောင်းဟာ မည်သည့် ပယောဂ တို့ကြောင့်မျှ သွေဖယ်သွားလို့မရပါဘူး။ လက်ရှိကာလတွင် နိုင်ငံတဝှမ်းရှိ အသက်အရွယ်မရွေး၊ ကျား/မ မရွေး၊ ပြည်သူများဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေတာတွေနဲ့ မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေနေမှုကြောင့် ဒီကနေ့ လူငယ်လူရွယ်များဟာ စစ်ကျွန်ဘဝကို သွတ်သွင်းပြီး အစတေးခံနေရပါတယ်။ ဒါကြောင့် လည်း တချို့လူငယ်များဟာ ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့်လည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားဖို့ နိုင်ငံရေးရည်မှန်းချက်များကိုလည်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပြည့်ဖို့အတွက်လည်း မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များဟာ ကျရာကဏ္ဍအသီးသီးမှာ ထမ်းဆောင်လျက်ရှိပါတယ်။ အင်အားစု အသီးသီးနဲ့ စုပေါင်းအဖြေရှာဖို့ တစိုက်မတ်မတ် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်သလို ဒီကနေ့ မိမိတို့နိုင်ငံရဲ့ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာလည်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားနိုင်ရေးကို ဦးလည်မသုန် ကြိုးပမ်းသွားမယ်ဆိုတာ ထပ်လောင်း ပြောကြားလိုပါတယ်။

ပင်လုံစာချုပ်ပါ သဘောတူညီချက်များအပါအဝင် ခေါင်းဆောင်ကြီးများ၏ (၇၈) နှစ်တာ ကာလကတည်းက ရည်မှန်းချက်များကို တန်ဖိုးထားကိုင်စွဲကာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတွင်လည်း စုစည်းညီညွတ်မှု ခိုင်ခိုင်မာမာဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးစုအသီးသီးတို့၏ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး တို့အား ဆက်လက် ကြိုးစားဖော်ဆောင်သွားကြပါစို့လို့ တိုက်တွန်းလျက် နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို လေးစားပါတယ်။

ကျေးဇူးလည်း တင်ပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်။

Scroll to Top