မူလ / ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့်မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့်မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

ယနေ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်တကွ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာလွှတ်တော် အသီးသီးက ဖိတ်ကြားထားသော ပါလီမန်အမတ်များနဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေး ရဲဘော် ရဲဘက်အပေါင်းတို့ကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သချင်ပါတယ်။ ထို့အပြင် ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်မြောက်အစည်းအဝေးကို ဖြစ်မြောက်အောင် ကျင်းပနိုင် တာကိုတွေ့ရလို့ ကျွန်တော့်အနေနဲ့ အထူးဝမ်းသာ ဂုဏ်ယူမိပါကြောင်း ပြောကြားချင်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ပုံမှန် ကျင်းပနိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်တော်တို့အားလုံးဟာ ခုခံတော်လှန်စစ်နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချုပ်ငြိမ်းအောင် လုပ်ဆောင်နေတဲ့ကာလ မှာလည်း၊ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုမထားသလို လုပ်ထုံးလုပ်နည်းတွေနဲ့ အခြေခံစံတန်ဖိုးတွေကို မျက်ကွယ်ပြုမထားဘူးဆိုတာ ပြည်သူ့ကိုယ်စားလှယ်အားလုံးကို သိစေ ချင်ပါတယ်။ လွှတ်တော်နဲ့အစိုးရဟာ အပြန်အလှန်ထိန်းကျောင်းတဲ့ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးပါတယ်။ ဒါဟာ ဒီမိုကရေစီကျင့်ထုံးမှာ အင်မတန်အရေးကြီးတဲ့ အထိန်းအထေစနစ် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ သဘောထားနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ အကြံပြုချက်တွေအတိုင်း လူထုဓမ္မလမ်းစဉ်တွေ အပေါ်အခြေခံပြီး တော်လှန်ရေးခရီးကို လေးနက်စွာ လျှောက်လှမ်းနေကြောင်း ပြောကြားချင်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်ဟာလည်း လူထုကိုယ်စားပြု တော်လှန်ရေးအင်အားစုအသီးသီး ကနေ ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေနဲ့ တိုင်းပြု ပြည်ပြု လွှတ်တော်အဖြစ် အသက်ဝင်နေကြောင်း ကျွန်တော် နားလည်သဘောပေါက်ထားပါတယ်။

အခုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးတွေရဲ့ ဖက်ဒရယ်ယူနစ်အသီးသီးမှ သက်ဆိုင်ရာ လွှတ်တော်တွေက ဖက်ဒရယ်ယူနစ်အစိုးရတွေ ပေါ်ထွန်းလာရေးကို အလေးထားကြိုးစားနေတာ တွေ့ရပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာလည်း သက်ဆိုင်ရာဒေသတွင်းက တော်လှန်ရေး အင်အားစုတွေနဲ့ ကျယ်ပြန့်တဲ့ ချိတ်ဆက်မှုတွေ၊ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အားသွန် ကြိုးစားနေတာကို တွေ့ရလို့ ကျွန်တော့်အနေနဲ့ ဝမ်းသာအားရမိကြောင်း ပြောကြားလိုပါတယ်။

ယနေ့ပြုလုပ်ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ လိုလိုလားလားဖြစ်တဲ့ တိုက်တွန်းချက်တစ်ခုကို ပြောချင်ပါတယ်။ အထူးသဖြင့် တိုင်းဒေသကြီးအသီးသီးက ဖက်ဒရယ်ယူနစ်တွေမှာ ခိုင်မာကျစ်လစ်ပြီး စုဖွဲ့အား ကောင်းမွန်တဲ့ ဖက်ဒရယ်ယူနစ်အစိုးရတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာဖို့ အထူးလိုလားကြောင်း ပြောချင်ပါတယ်။ ဒီလိုပေါ်ထွက်လာဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးက ဝိုင်းဝန်း အားပေးကြဖို့နဲ့ ထိရောက်တဲ့ အကူအညီတွေ၊ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ ထပ်မံ လုပ်ဆောင်ပေးဖို့ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုပါတယ်။

ပြည်ထောင်စုလွှတ်တော်က ပြည်သူ့ကိုယ်စားလှယ်တွေကို ကျွန်တော့်အနေနဲ့ ထပ်မံ မေတ္တာရပ်ခံလိုတာ တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ “ဥပဒေများသည် တော်လှန်ရေးအခြေ အနေကို အကြောင်းပြ၍ လက်တွေ့ အသက်ဝင်မှု မယုတ်လျော့စေရေး” ဖြစ်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာက [Law Enforcement] ကိစ္စဖြစ်ပါတယ်။ ပြဋ္ဌာန်းထားသော ဥပဒေများက လက်တွေ့ မြေပြင်မှာ အသက်ဝင်စေရေးဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်ဧရိယာတွေဟာ မြေပြင်မှာ အမြောက်အမြားရှိနေပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက် အကောင်အထည်ဖော်နေတဲ့ မြေပြင်လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ လက်ရှိကာလဟာ တော်လှန်ရေးကာလဖြစ်တာကြောင့် ဥပဒေတွေ လက်တွေ့ အသက်ဝင်စေရေး အတွက် အကန့်အသတ်တွေရှိတယ်ဆိုတာ ကျွန်တော် နားလည်သဘောပေါက်ပါတယ်။ ဒါပေမယ့် လည်း အခြေအနေကိုအကြောင်းပြပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဟာ ဥပဒေ စည်းမျဉ်းတွေကို ခဏ အသာ ခေါက်သိမ်းထားတာမျိုး မဖြစ်စေချင်ပါဘူး။ တော်လှန်ရေးကာလ ဖြစ်ပေမယ့် ကျွန်တော်တို့ဟာ တရားသောဥပဒေတွေကို လက်တွေ့ အသက်သွင်းနေတယ်ဆိုတာ ပြည်သူလူထုကို လက်တွေ့ပြသနိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ဒီလို ကြိုးပမ်းလုပ်ဆောင်မှုတွေကို နိုင်ငံတကာအနေနဲ့လည်း သိနားလည်အောင် ဆက်သွယ် ဆွေးနွေးကြဖို့ အထူး လိုအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ လွှတ်တော်တစ်ခုရဲ့ အနှစ်သာရဟာ ပြည်သူကို ကိုယ်စားပြုခြင်းအပါအဝင် အစိုးရကို ထိန်းကျောင်းခြင်း အလုပ်ကို လည်း လုပ်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ဟာ ဥပဒေတွေကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်းနဲ့ ပယ်ဖျက်ခြင်းတွေကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေး ကာလမှာ တည်ငြိမ်တဲ့အခြေအနေအတွင်း လုပ်သလို လုပ်လို့မရတဲ့ လွှတ်တော်တာဝန် အကန့် အသတ်တွေရှိနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုသော အခြေအနေ မျိုးဖြစ်နေသည်ဖြစ်စေ ကျွန်တော်တို့ဟာ အခြေအနေကို အကြောင်းပြပြီး လွှတ်တော်တစ်ရပ်ရဲ့ အနှစ်သာရကို လျစ်လျူရှု ပစ်လိုက်လို့ မရပါဘူး။ လက်ရှိအခြေအနေ အကန့်အသတ်တွေ အကြား မှာပဲ လွှတ်တော်တစ်ရပ်ရဲ့ မူလအနှစ်သာရတွေကို ဆက်လက်ဆုပ်ကိုင်ပြီး တော်လှန်ရေးခရီး ဆက်လက်လျှောက်လှမ်းဖို့ လိုတယ်လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျာ။

အရေးတော်ပုံမုချအောင်ရမည်။

Scroll to Top