၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်
ယနေ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်ယာယီသမ္မတကြီးနှင့်တကွ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အဖွဲ့ဝင်များနှင့် ပအိုဝ်းအမျိုးသားတော်လှန်ရေး ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များအားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ ဂါရဝပြု နှုတ်ခွန်း ဆက်သအပ်ပါတယ်။
အင်မတန်အရေးကြီးပြီး အနှစ်သာရလည်းရှိတဲ့ ဒီကနေ့ ပအိုဝ်းအမျိုးသားနေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကိုယ်စား ကျွန်တော့အနေနဲ့ အခုလို တက်ရောက် ပြီးတော့ တွေ့ဆုံခွင့်၊ စကားပြောခွင့်ရတဲ့အတွက် အင်မတန်မှ ကျေးဇူးတင်ပါကြောင်း၊ ဝမ်းမြောက် ဂုဏ်ယူပါကြောင်းလည်း ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီးတော့ နှစ်စဉ်နှစ်တိုင်း ပအိုဝ်းအမျိုးသားနေ့ကို ကျွန်တော်တို့ တက်ရောက်ခွင့်ရခဲ့တာကိုလည်း ပြန်ပြောင်းပြီး အောက်မေ့ အမှတ်ရမိပါတယ်။ သို့ပေမယ့် ဒီနှစ်ရဲ့ ဒီအခမ်းအနားဟာ ပိုမိုပြီးတော့ အနှစ်သာရ ပြည့်ဝ၊ ပိုမို အားတက်စရာကောင်းတဲ့ အမျိုးသားနေ့တစ်ခုအဖြစ် ကျွန်တော့စိတ်ထဲမှာ စွဲစွဲထင်ထင်နဲ့ အမှတ်ပြုမိပါတယ်။
ပအိုဝ်းအမျိုးသားနေ့ရဲ့ တကယ့်အခြေခံအရင်းအမြစ်တွေကို ပြန်ပြီး ဆန်းစစ်ကြည့်တဲ့ အခါမှာ နိုင်ငံရေးအစုအဖွဲ့တစ်ခုတည်းတင်မဟုတ်ဘဲ ဘာသာရေးအရ ကိုးကွယ်ဆည်းကပ်မှုတွေ၊ ဘိုးဘွားမိဘများကို ကျေးဇူးသိတတ်၊ ကျေးဇူးဆပ်တတ်မှုတွေ၊ မျိုးဆက်သစ်တွေအတွက် အမျိုးသားရေးဂုဏ်အင်္ဂါလက္ခဏာနဲ့ညီတဲ့ လက်ဆင့်ကမ်းအမွေပေးမှုတွေကို ဆောင်ရွက်တဲ့ အထိမ်းအမှတ်အနေနဲ့ အမျိုးသားနေ့အခမ်းအနားကို ကျင်းပလာခဲ့တဲ့ အင်မတန်အဓွန့်ရှည်တဲ့ သမိုင်းလမ်းကြောင်းကို ပြန်ပြောင်းပြီးတော့လည်း အောက်မေ့သတိရမိပါတယ်။
နိုင်ငံရေးဆိုင်ရာကဏ္ဍတစ်ခုတင်မက လူသားတွေမှာ ရှိအပ်တဲ့ လူ့ယဉ်ကျေးမှု အမွေအနှစ် တွေဟာ ဒီကနေ့ အမျိုးသားနေ့အခမ်းအနားထဲမှာ ကိန်းအောင်းပါဝင်နေတယ်လို့ မြင်မိပါတယ်။ ဒီကနေ့ တော်လှန်ရေးကာလနဲ့ ကျွန်တော်တို့ သွားနေတဲ့ အနာဂတ်မျှော်ရည်ချက်တွေဟာ စောစောက ယာယီသမ္မတကြီး မိန့်ကြားသွားသလို စနစ်သစ်၊ အသွင်သစ်နဲ့ အားလုံးဟာ တန်းတူ ညီမျှရှိပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရှိတဲ့ တကယ့်ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ သွားနေကြတဲ့ ကာလဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။
ဒီကနေ့မှာ အထူးသဖြင့် အမှတ်တရပြောချင်တာကတော့ ဒီအခမ်းအနားကို ကျင်းပ ပြုလုပ်တာဟာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) တို့ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတဲ့ အနှစ်သာရကို ပိုပြီးတော့ အလေးအမြတ်ပြုမိတာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုကို ရောက်ရှိတယ်လို့ ခံစားမိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီကနေ့ အမျိုးသားနေ့မှာ အထူးဂုဏ်ပြု ပြော ကြားလိုတဲ့ အချက်ကတော့ ဒီအမျိုးသားနေ့မတိုင်ခင် လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ (ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့) မှာ ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်ရဲ့ အနှစ်သာရတွေကို ပြန်ပြီး သတိရမိပါတယ်။
အဲဒီအနှစ်သာရတွေကို ပြန်ကြည့်လိုက်ပြီးတော့ ဒီကနေ့အမျိုးသားနေ့မှာလည်း ဒီလို ပူးပေါင်းပြီး ကျင်းပတာဖြစ်တဲ့အတွက်ကြောင့် အမျိုးသားနေ့ ကျင်းပရခြင်းရဲ့ အခြေခံအနှစ်သာရ အပြင် အနာဂတ်မျှော်ရည်ချက်တွေအတွက်လည်း အင်မတန်အားကောင်းတယ်ဆိုတဲ့ အနေအထား မျိုးကို တွေ့ရပါတယ်။ ဒီလိုအနေအထားကြောင့်လည်း ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် အင်မတန်မှ လေးစားအားထားပြီး အလေးအနက်ထား ဝမ်းမြောက် ဂုဏ်ယူလျက်ရှိကြောင်း ပြောကြားလိုပါတယ်။
ပြီးခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာဆိုရင် အခြေခံအားဖြင့် အချက် (၇) ချက် ပါဝင် တာကို တွေ့ရပါတယ်။ အနှစ်သာရအရတော့ ပအိုဝ်းအမျိုးသားများရဲ့ ပူးပေါင်းထုတ်ပြန်ကြေညာ ချက်ဟာ ပြည်ထောင်စုအရေးနဲ့ ပအိုဝ်းအမျိုးသားများအရေးကို တစ်ထပ်တည်းထားပြီး ထပ်တူ ခံယူချက်ချပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်ဆိုတဲ့ သန္နိဋ္ဌာန်ပြုချက်ကို တွေ့ရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရည်မှန်းချက်အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးတဲ့ နိုင်ငံရေးဘုံသဘောတူညီချက် ရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း တွေ့ရပါတယ်။ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ် ပေါ်ထွန်းခွင့်ရရှိတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးအတွက်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွား ကြမယ်လို့ အတိအလင်းဖော်ပြထားတာလည်း တွေ့ရပါတယ်။ PNFC နဲ့ PNLO/PNLA တို့အနေနဲ့ ကဏ္ဍစုံက ပူးပေါင်းဆောင်ရွက်ကြဖို့လို့လည်း ပါရှိပါတယ်။ ဒီနေ့ အခမ်းအနားမှာလည်း ပူးပေါင်း ဆောင်ရွက်တာကို တွေ့ရတဲ့အတွက် ပိုပြီး နှစ်ထောင်းအားရ ဖြစ်မိပါတယ်။
ဒါ့အပြင် ပူးတွဲကြေညာချက်မှာ မိမိတို့ပအိုဝ်းအမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ပြည်သူများကို ကာကွယ်ဖို့ကတစ်ပါး ပအိုဝ်းအမျိုးသားများကြားမှာဖြစ်စေ တိုင်းရင်းသားများကြားမှာဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံးရှောင်ရှားပြီး ငြိမ်းချမ်း တဲ့နည်းနဲ့ ဖြေရှင်းဖို့နဲ့ နည်းလမ်းစုံသပ်လျှိုဖြိုခွဲနေတာကို မိမိကိုယ်ကိုမိမိခုခံပိုင်ခွင့်နဲ့ အခိုင်အမာ အသုံးချသွားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါတွေဟာ အင်မတန် အနှစ်သာရရှိပြီး ပအိုဝ်းအမျိုးသားများရဲ့ အတိတ်သမိုင်းက အတွေ့အကြုံတွေကို ခိုင်ခိုင်မြဲမြဲ မှတ်မှတ်ထင်ထင် ယူထားပြီး လက်ရှိမျက်မှောက်ကာလအတွက် လိုအပ်ချက်တွေနဲ့ အနာဂတ်ကာလအတွက် မျှော်ရည်ချက်တွေကို ဘယ်လောက်ထိ ချိန်ချိန်ဆဆနဲ့ ဖော်ပြထားနိုင်ခဲ့သလဲ၊ ပြဋ္ဌာန်းထားနိုင်ခဲ့ သလဲ ဆိုတာကိုလည်း မြင်တွေ့ရပါတယ်။
ဒါ့အပြင် စောစောက ယာယီသမ္မတကြီး အမိန့်ရှိသွားသလို ကျွန်တော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့ပြီးဖြစ်တဲ့ နည်းမျိုးစုံသပ်လျှိုဖြိုခွဲမှုတွေကြောင့် အောင်မြင်မှုတွေ မရရှိခဲ့ဘဲနဲ့ တချို့ဆိုလျှင် ဆုံးရှုံးမှုများနဲ့ လက်လွှတ်စတေးခဲ့ရတဲ့ အခြေအနေမျိုးကို အများကြီး သင်ခန်းစာ ယူဖို့ ကောင်းပြီလို့ ထပ်လောင်း သတိပေးပြောကြားလိုပါတယ်။ မိမိတို့ အမျိုးသားများအတွင်းမှာ စည်းလုံးညီညွတ်မှုနဲ့ အမျိုးသားများရဲ့အကျိုးကျေးဇူးထက် လတ်တလောရေတိုအားဖြင့် နည်းမျိုးစုံ သွေးခွဲသပ်လျှိုမှုရဲ့အောက်မှာ ကျွန်တော်တို့ ပြည်သူတွေကို ထိခိုက်ဒုက္ခရောက်စေနိုင်တာမျိုးတွေ ထပ်ပြီးတော့ လုပ်ကြရတော့မယ့်အချိန် မဟုတ်တော့ဘူး။ သမိုင်းသင်ခန်းစာတွေကို ရယူရမယ့် အချိန် ခိုင်ခိုင်မြဲမြဲရောက်နေပြီလို့လည်း ထပ်ဆင့်ပြီး သတိပေးပြောကြားလိုပါတယ်။ ဒါပေမယ့် ပူးတွဲထုတ်ပြန်ကြေညာချက်မှာ PNO/PNA အနေနဲ့ မူလစတင်ဖွဲ့စည်းစဉ်ကတည်းက ရှိခဲ့တဲ့ မူတွေနဲ့အညီ လူထုတော်လှန်ရေးမှာ ပြန်လည်ပူးပေါင်းဆင်နွှဲနိုင်ဖို့အလို့ငှာ တိုက်တွန်းပါတယ် ဆိုတဲ့ တိုက်တွန်းချက်ကိုလည်း တွေ့ရပါတယ်။ ဒါဟာ အနာဂတ်အကျိုးအတွက် အကျိုးလိုလား၊ မျှော်ရည်တဲ့စိတ်နဲ့ သိမ်မွေ့တည်ငြိမ်ခိုင်မာတဲ့ ဆော်ဩမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး တာဝန်ကျေကျေ ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ သုံးသပ်လို့ ရပါတယ်။
ဒါ့အပြင် “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ဆိုတာကို ကိုင်စွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေနဲ့လည်း စစ်အုပ်စုအပေါင်းအပါတို့ရဲ့ ထောင်ချောက်ကို မကျ ရောက်စေရေး အထူးသတိထားဖို့ဆိုတာဟာ လက်တွေ့ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပအိုဝ်း အမျိုးသားများထဲမှာရှိတဲ့ အခက်အခဲတစ်ရပ်ကို လှစ်ဟဖော်ပြပြီး အင်မတန်သိမ်မွေ့စွာနဲ့ ပညာရှိစွာ သတိပေးပြောကြားထားတဲ့ ထုတ်ပြန်ချက်အဖြစ်လည်း အင်မတန်မှ လေးစားခဲ့ရပါတယ်။ လက်ရှိ လည်း လေးစားနေလျက် ရှိပါတယ်။ ဒါ့အပြင် ပိုပြီး ကျယ်ပြန့်တာကတော့ စစ်အုပ်စုဘက်ကနေ ပြီးတော့ ဘက်ပြောင်းခိုလှုံလာတဲ့သူတွေကို ကျင့်ဝတ်စည်းကမ်းနဲ့အညီ နွေးထွေးကြိုဆိုကြဖို့ ဆိုတာကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။
ဒီကြေညာချက် (၇) ချက်ကို ပြန်ကြည့်လိုက်မယ်ဆိုလျှင် ဒီကနေ့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်များရဲ့ ရပ်တည်ချက်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အပါအဝင် နိုးကြားတက်ကြွတဲ့ ပအိုဝ်းအမျိုးသားများရဲ့ နိုင်ငံရေးဒီရေနဲ့ နိုင်ငံရေးအရှိန်အဝါ၊ အနာဂတ်မျှော်မှန်းချက်၊ ရည်ရွယ်ချက်တွေကို ကောင်းကောင်း တွေ့မြင်ရ ပါတယ်။
အခုလို ပူးပေါင်းကျင်းပနိုင်ခဲ့တဲ့ ဒီအခမ်းအနားမျိုးကို တက်ရောက်ခွင့်ရခဲ့အတွက် အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ ဒီလိုပြည့်စုံတဲ့အနေအထားမျိုး၊ စွမ်းဆောင်မှုအတိုင်း သာ ဆက်ပြီးသွားမယ်ဆိုလျှင် ပအိုဝ်းအမျိုးသားများ၏ ဒီကနေ့ဦးဆောင်မှုဟာ ပအိုဝ်းအမျိုးသား များအပါအဝင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်သောအခါမှ စစ်အာဏာရှင်စနစ် မပေါ်ပေါက်လာရုံ သာမက မဟာလူမျိုးကြီးဝါဒတွေ ပေါ်ထွန်းလာခြင်းမရှိတော့မယ့် တန်းတူညီမျှတဲ့အဆင့်၊ တစ်နည်းအားဖြင့် ပအိုဝ်းအမျိုးသားများရဲ့ တတိယတော်လှန်ရေးက မုချအောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
ပအိုဝ်းအမျိုးသားများ၏ ရည်ရွယ်ချက်များ ပေါက်မြောက်အောင်မြင်မယ်လို့ လုံးဝ ယုံကြည်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။


