မူလ / လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတည်ထောင်ခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်

၁။ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ ရှင်သန်ပေါက်ဖွားခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ယနေ့တွင် (၃၆)နှစ် တိုင်ခဲ့ပြီဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါသည်။

၂။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ယနေ့အချိန်ထိတိုင် ခေတ်အဆက်ဆက်စစ်အာဏာရှင်စနစ်ဆိုးအား တွန်းလှန်တိုက်ဖျက်ရင်း တိုင်းရင်းသားပြည်သူအားလုံးတို့အတွက် သာတူညီမျှမှု၊ လွတ်လပ်ခွင့်၊ တရားမျှတမှုနှင့် မွေးရာပါ လူသားအခွင့်အရေးများ ပြည့်ဝစွာ ရရှိခံစားနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူများနှင့်အတူ လှုပ်ရှားမှုအမျိုးမျိုးဖြင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် အစဥ်တစိုက် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့မှုများအတွက်လည်း ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုဖော်ပြလိုပါသည်။

၃။ ယနေ့နွေဦးတော်လှန်ရေးကြီးတွင်လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် တော်လှန်ရေးအင်အားစုအသီးသီးတို့နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံးတို့၏ မျှော်မှန်းချက်ပန်းတိုင်ဆီသို့ ဟန်ချက်ညီညီ လျှောက်လှမ်းလျက်ရှိပါသည်။ ပါတီအနေဖြင့် အနာဂတ်ကာလတွင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီပုံရိပ်များအား ပိုမိုပီပြင်စွာ ပေါ်ပေါက်လာနိုင်ရေးအတွက် ရှေ့ဆက်ကြိုးပမ်း စွမ်းဆောင်သွားနိုင်မည်ကို ယုံကြည်ပါသည်။

၄။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတဝှမ်းတွင် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခြင်းများ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ၊ အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်ခြင်းများစသည်ဖြင့် လူမဆန်သော လုပ်ရပ်များအား ဆတိုးလုပ်ဆောင်လာလျက်ရှိရာ မိမိတို့တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းလုပ်ရပ်များအား ပြည်သူများနှင့်အတူ သတိကြီးစွာ ရင်ဆိုင် ကျော်လွှားသွားနိုင်ကြဖို့ လွန်စွာ အရေးကြီးသည်ကို ယနေ့အခမ်းအနားတွင် ထပ်လောင်းအသိပေးလိုပါသည်။

၅။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် အနာဂတ်တွင် ပါတီ၏ ရှေ့လုပ်ငန်းစဥ်များ၊ မူဝါဒများအား ပိုမိုတိုးတက်အောင်မြင်စေရန် အစုအဖွဲ့အသီးသီးတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွား နိုင်ပါစေကြောင်းနှင့် ပါတီသည် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည် တည်ရှိပါစေကြောင်း ဆုမွန်ပါးလျက် မိမိတို့အနေဖြင့် ဤသဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာ ပေးပို့အပ်ပါသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top