၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်
၁။ ၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် တက္ကသိုလ် ပရဝဏ်အတွင်း၌ပင် စစ်အာဏာရှင် နေဝင်း၏ အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကြောင့် ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးသွားခဲ့သည်မှာ ယနေ့ဆိုလျှင် (၃၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၂။ မိမိတို့၏ ကိုယ်ပိုင်လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့အတွက် ခေတ် အဆက်ဆက် စစ်အာဏာရှင်စနစ်ကိုတွန်းလှန်သည့် တိုက်ပွဲတိုင်းတွင် တိုင်းပြည်၏အနာဂတ် ဖြစ်သော ကျောင်းသားလူငယ်များသည် တော်လှန်ရေးတပ်ဦးမှာ အမြဲရှိနေကြပါသည်။ ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့သည့်နေ့ရက်သည် မေ့ပျောက်၍မရသော မြန်မာနိုင်ငံ၏ အရေးပါသည့် ဝမ်းနည်းဖွယ်ရာ သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါသည်။
၃။ အာဏာရမ္မက်ကြီးသောစစ်အာဏာရှင်များသည် ပြဿနာတိုင်းကို လက်နက်နည်းဖြင့် ဖြေရှင်းခဲ့ကြသည့်အတွက် ပြည်သူလူထုတစ်ရပ်လုံး ဝမ်းနည်းဖွယ်အဖြစ်ဆိုးများနှင့် တွေ့ကြုံ ခံစားနေကြရသည်မှာ ယနေ့အချိန်အထိဖြစ်ပါသည်။ ယခု နွေဦးတော်လှန်ရေးတွင်လည်း ကိုဖုန်းမော် နှင့် ကိုစိုးနိုင်တို့ကဲ့သို့ စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ရင်း ကျဆုံးခဲ့ကြသောတက္ကသိုလ် ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းများ အားလုံးအား ဤသဝဏ်လွှာမှ တစ်ဆင့် ဂုဏ်ပြုဦးညွှတ်လိုပါသည်။
၄။ နှစ်ပေါင်းများစွာကြာ စစ်အာဏာရှင်အုပ်စုက တိုင်းပြည်နှင့် လူမျိုးဘဝဖွံ့ဖြိုး တိုးတက်ရေးထက် ၎င်းတို့အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးဖြင့် ပြည်သူလူထု တစ်ရပ်လုံးအား မတရားအုပ်ချုပ်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်များက တားဆီးပိတ်ပင်မှုများကြားမှပင် ပညာသင်ယူကြရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို လည်း သမိုင်းစဥ်တစ်လျှောက် လက်ဆင့်ကမ်းနိုင်ခဲ့ကြပါသည်။
၅။ ဒီမိုကရေစီ ခရီးကြမ်းတစ်လျှောက်တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်ပ်တို့၏ မှန်ကန်သော လုပ်ဆောင်မှုများဖြင့် ပြန်လည်တုန့်ပြန်ရန်နှင့် မမေ့မလျော့ဘဲ လေးစားဂုဏ်ပြုကြရန် ဖြစ်ပါသည်။ အတိတ်သမိုင်းရဲ့ အဖြစ်ဆိုးများအပေါ်မှာလည်း သင်္ခန်းစာယူပြီး Generation Z ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှုကို အခြေခံကာ နှစ်ပေါင်းများစွာကတည်းက လိုလားတောင့်တနေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ခိုင်မာသော စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ဆက်လက် ချီတက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုပါသည်။
၆။ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းကာ အေးချမ်းသာယာသော အနာဂတ် နိုင်ငံတော်သစ်ကို ကောင်းမွေအဖြစ် ချန်ထားနိုင်စေရန် အားလုံးသော တော်လှန်ရေးအစု အဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ကြိုးပမ်းတည်ဆောက် သွားပါမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အနေဖြင့် ကတိသစ္စာပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw