၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်
၁။ သမိုင်းတလျှောက် အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခုခံမှုများတွင် ပြည်သူလူထုနှင့်အတူ ဓမ္မဘက်တွင် အစဥ်တစိုက် ရပ်တည်၍ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ပြီး ဘာသာရေးအတွက် ရှုမြင်သုံးသပ်ရာတွင်လည်း နည်းလမ်းတကျ လမ်းညွှန်ပြသနိုင်ခဲ့သော မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသသည် ထိုင်းနိုင်ငံ၌ ၂၇.၁၀.၂၀၂၂ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူသည်ကို စိတ်မကောင်းစွာ သိရှိရပါသည်။
၂။ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းချိန်တွင် ဆရာတော်၏ အမှန်တရားဘက်တွင် ရပ်တည်ခဲ့မှုကြောင့် လူဝတ်လဲခံရကာ (၆) လကြာ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပါသည်။ ယခုကဲ့သို့ ဆရာတော်ပျံလွန်တော်မူခြင်းသည် နွေဦးတော်လှန်ရေးအတွက်သာမက နိုင်ငံတော် အတွက်၊ သာသနာအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ပါကြောင်း အလေးအနက်ထား၍ ဖော်ပြလိုပါသည်။
၃။ သက်တော် (၇၁) နှစ်၊ သိက္ခာတော် (၅၁) ဝါ ရှိပြီဖြစ်သော ဆရာတော်သည် ပြည်သူ လူထုအား ရဲဝံ့ပြတ်သားစွာ ဆုံးမလမ်းညွှန်မှုတို့ ပြုခဲ့သည်သာမက အမှန်တရားဘက်တွင် မားမား မတ်မတ် ရပ်တည်ခဲ့ပါသည်။ ရဟန်းရှင်လူပြည်သူများနှင့်ထပ်တူ ဆရာတော်၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား လေးစားစွာ ဦးညွှတ်လျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ အနေဖြင့် စိတ်နှလုံးညှိုးငယ်စွာ ဤဝမ်းနည်းကြောင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်။
The Committee Representing Pyidaungsu Hluttaw