မူလ / စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေး အတွက် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေး အင်အားစု များနှင့် တိုင်းရင်းသား အင်အားစုများအကြား ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေး အတွက် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်နိုင်ရန် လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းလာစေပြီး နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေး အင်အားစု များနှင့် တိုင်းရင်းသား အင်အားစုများအကြား ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးအား ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း ဆုံးဖြတ်ချက်

၁။ လက်ရှိ ပြည်သူ့တော်လှန်ရေးကြီးသည် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပါဝင်လျက်ရှိသည့်အပြင် ဘုံရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို တည်ထောင်နိုင်ရန် ကျရာအခန်းကဏ္ဍများမှ ပါဝင်ကြိုးပမ်းနေသည့် တော်လှန်ရေးကြီး ဖြစ်ပါသည်။ ယခု ပြည်သူ့တော်လှန်ရေး (၃) နှစ်ပြည့်အချိန်တွင် ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ထောက်ခံ ပါဝင်နေမှုနှင့်အတူ တော်လှန်ရေး အဖွဲ့အသီးသီးက အတူတကွ ကြိုးပမ်းနေခြင်းကြောင့် အောင်မြင်မှုများစွာ ပိုင်ဆိုင်ထားခြင်း ပင် ဖြစ်ပါသည်။

၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မျှော်လင့်ကြိုးပမ်းနေသည့်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ရေး ရည်မှန်းချက်သည် တိုင်းပြည်အာဏာအား လုယူထားပြီး အကြမ်းဖက်မှုများ ကျူးလွန်လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်အုပ်စုအား ဦးစွာဖယ်ရှား နိုင်မှသာ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။ အကြမ်းဖက် စစ်အုပ်စုအား အမြန်ဆုံး ဖယ်ရှားနိုင်ရေးအတွက် နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများ၏ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုသည် အထူးလိုအပ်လျက်ရှိပါသည်။

၃။ ပြည်ထောင်စုလွှတ်တော်သည် လက်ရှိတော်လှန်ရေးအမြန်ဆုံး ပြီးမြောက်နိုင်ရေး အတွက် စုပေါင်းအင်အားတစ်ရပ်အဖြစ် စုစည်းဖော်ဆောင်သွားရန် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တော်လှန်ရေး အင်အားစုများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန် နိုင်ခဲ့သည့် “စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” အတွက် လွန်စွာဝမ်းမြောက်စွာ ကြိုဆိုပါသည်။

၄။ ပြည်ထောင်စုလွှတ်တော်သည် ဤပြည်သူ့တော်လှန်ရေးကြီးတွင် ယနေ့အချိန်အထိ တစ်ခဲနက် ဝန်းရံထောက်ခံပါဝင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း CDM သူရဲ ကောင်းများ၊ မျိုးဆက်သစ်ကျောင်းသားလူငယ်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာရောက် ထောက်ပို့များ၊ မြောက်ပိုင်းညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၊ ကယား/ ကရင်နီ ညီနောင် များ၏ ၁၁၁၁ စစ်ဆင်ရေးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစု အသီးသီးအား ကျေးဇူးတင်အသိအမှတ်ပြုပါသည်။ ဒီမိုကရေစီ တိုက်ပွဲအဆက်ဆက်နှင့် ဤပြည်သူ့ တော်လှန်ရေးတွင် အသက်၊ ခြေလက်ကိုယ်အင်္ဂါ ပေးလှူ ခဲ့ကြသည့် သူရဲကောင်းများကိုလည်း ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

၅။ မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အတူရပ်တည်ပေးလျက် ရှိသည့် နိုင်ငံတကာပါလီမန်များအဖွဲ့၊ ဥရောပပါလီမန်၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း၊ အကြမ်းဖက်စစ် ကောင်စီအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပေးခြင်း၊ ပူးပေါင်း ဆောင်ရွက်မှု ရပ်တန့်ထားခြင်းဖြင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှု အပေါ် စဉ်ဆက်မပြတ် ထောက်ခံပေးနေသည့် အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနိုင်ငံ၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျနိုင်ငံနှင့် တီမောလက်စတေးနိုင်ငံ တို့အား များစွာ ကျေးဇူးတင်ရှိပါသည်။ ထို့အပြင် မြန်မာ့အရေးဖြေရှင်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းလျက် ရှိသည့် ကုလသမဂ္ဂ၊ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါသည်။

၆။ ပြည်ထောင်စုလွှတ်တော်သည်-

(က) အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းယူထားမှု အပါအဝင် နိုင်ငံတစ်ဝှမ်း၌ ဆက်လက်ကျူးလွန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှု များကို ပြင်းပြင်းထန်ထန် ဆက်လက်ကန့်ကွက်ရှုတ်ချသည်။

( ခ ) အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ တရားဝင်မှု ရရှိရန် ကြိုးစားခြင်း အပါအဝင် အခြား မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ နိုင်ငံတော်အာဏာအား ရယူရန် ကြိုးပမ်းမှုအားလုံးကို ဆန့်ကျင်ကန့်ကွက် သွားမည်။

( ဂ ) လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးမြောက်နိုင်ရေး ဗျူဟာမြောက် စုစည်းညီညွတ်စွာ ပူးပေါင်းပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး အရှိန်အဟုန် ပိုမိုအားကောင်းအောင် ဆောင်ရွက်ပေးကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးအား တိုက်တွန်းသည်။

(ဃ) အရပ်သားအစိုးရခေါင်းဆောင်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် များ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအား အမြန်ဆုံး လွတ်မြောက်ရေးနှင့် ရိုဟင်ဂျာလူမျိုးများအပါအဝင် မြန်မာပြည်သူများထံသို့ ထိရောက်သော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ် နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများကို ထပ်လောင်း တောင်းဆိုသည်။

( င ) အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွင် တရားစီရင်နိုင်ရေးနှင့် အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ပိုမို ဖိအားပေး လုပ်ဆောင်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းအား ဆက်လက် တောင်းဆိုသည်။

( စ ) တရားမဝင် အာဏာသိမ်းစစ်ကောင်စီအပေါ် ခုခံတွန်းလှန်မှုများသည် သိသာ ထင်ရှားသောရလဒ်များ ပိုင်ဆိုင်နေသည့် ယခုအချိန်တွင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ဒီမိုကရေစီအင်အားစုများထံသို့ အရပ်သားအုပ်ချုပ်ရေး စနစ်အား ပိုမိုခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ငွေကြေးနှင့် နည်းပညာအကူအညီများ အမြန်ဆုံးပံ့ပိုးကူညီပေးရန် တောင်းဆိုသည်။

၇။ ဤဆုံးဖြတ်ချက်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေး၊ ဒုတိယနေ့တွင် အတည်ပြုသည်။

Scroll to Top