၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အရပ်သား အစိုးရထံမှ နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူရန် ကြိုးပမ်းခဲ့သည်။ ထို့နောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အရပ်သားအစိုးရအဖွဲ့ဝင် ခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးခဲ့ပြီး မဟုတ်မမှန် စွပ်စွဲချက်များဖြင့် ပြစ်မှုပုဒ်မများ တပ်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်များသည် နိုင်ငံတော်၏အာဏာအား ဥပဒေမဲ့ဆက်လက် ချုပ်ကိုင်ထားနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ တရားမဝင်အဖွဲ့အစည်း ဖွဲ့စည်း ပြီးနောက် နိုင်ငံတစ်ဝှမ်း၌ ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများ၊ လူမဆန်သော ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ၊ အများပြည်သူပိုင်အိုးအိမ်နှင့် အဖိုးတန်ပစ္စည်းများအား လုယက်ဖျက်ဆီးခြင်း နှင့် ဥပဒေမဲ့သိမ်းယူခြင်းများအပြင် ဘာသာရေးအဆောက်အဦများ၊ ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများနှင့် စစ်ဘေးရှောင်စခန်းများ အပါအဝင် အရပ်သားပြည်သူများနေရာများသို့ လက်နက်ကြီးများ၊ လေကြောင်းဖြင့် တိုက်ခိုက် ခြင်းများကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နေ့စဥ်တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ဥပဒေမဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ဆယ်စုနှစ်တစ်စုကြာ မြန်မာပြည် သူများက ကြိုးပမ်းတည်ဆောက်ထားသည့် ဒီမိုကရေစီအသီးအပွင့်များ လုံးဝဆိတ်သုဉ်းသွား ခဲ့ရပြီး လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများသည်လည်း ချွတ်ခြုံကျလျက်ရှိပြီး မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံအဖြစ်သို့ ဦးတည်နေပြီဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများ၏ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လာနေပြီဖြစ်သည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ယနေ့အချိန်ထိ ပြည်သူ(၃,၄၆၅)ဦးအထက် သတ်ဖြတ်ခဲ့ပြီး ပြည်သူ (၂၁,၉၄၇) ဦးအား ဥပဒေမဲ့ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံထားရသူများအား အကျဥ်းထောင်များအတွင်း၌ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများ၊ ဆေးကုသခွင့်မပေးခြင်းကဲ့သို့ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန် လုပ်ဆောင်လျက်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ(ခ)ဦးကျော်မင်းယု၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့အား သေဒဏ်ပေးကွပ်မျက်ခဲ့ပြီး ပြည်သူ (၁၀၀) ကျော်အပေါ်၌လည်း သေဒဏ်ချမှတ်ခဲ့သည်။ ပြည်သူ့နေအိမ် အနည်းဆုံး (၇၀,၀၀၀) နီးပါးအား မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အိုများအပါအဝင် မသန်စွမ်းသူများသည် မီးရှို့မှုထဲတွင် သေဆုံးခဲ့ကြရသည်။ နိုင်ငံတစ်ဝှမ်း၌ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် နေအိမ်မီးရှို့ ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (၁.၇၆) သန်းကျော် ရှိပြီဖြစ်သည်။
ဖမ်းဆီး၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်ခြင်းနှင့် အရပ်သားပြည်သူများကို လူသားဒိုင်း အဖြစ် အသုံးပြုခြင်းများကဲ့သို့ လူမဆန်သောရာဇဝတ်မှုများကို အကြမ်းဖက်စစ်ကောင်စီတပ်သား များက ဥပဒေနှင့်လူ့အခွင့်အရေးစံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် ဆက်တိုက် ကျူးလွန်လုပ်ဆောင်နေခြင်းသည် တရားရေးအရ အရေးယူဆောင်ရွက်မှုမရှိခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းကြောင့်ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာ၊ ဒီပဲယင်းမြို့နယ်ရှိ လက်ယက် ကုန်းကျေးရွာ၊ ကချင်ပြည်နယ်၊ အနန့်ပါဒေသတို့၌ လေကြောင်းဖြင့်လည်းကောင်း၊ ကယား ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် မီးရှို့၍လည်းကောင်း အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သေစေရန် ရည်ရွယ်တိုက်ခိုက်သတ်ဖြတ်ခြင်းသည် စစ်ကောင်စီက နိုင်ငံ တစ်ဝှမ်းလုံး၌ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအနက်မှ အဆိုးရွားဆုံးသော အကြမ်းဖက်လုပ်ရပ်များ ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ တိုးမြှင့်လုပ်ဆောင်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသား မျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောအကြမ်းဖက်မှုများ အဆုံးသတ် သွားစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ၊ ကမ္ဘာ့ နိုင်ငံများက ဆုံးဖြတ်ချက်များ၊ စီးပွားရေးနှင့် သံတမန်ရေး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် စစ်ကောင်စီအပေါ် ဖိအားပေးလုပ်ဆောင်နေမှုများနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်နေမှုများ အတွက် မြန်မာပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါသည်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဆက်ဆက်တွင် မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အဓိက သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှု လွန်စွာအားနည်းခဲ့သည်။ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အဓိက သက်ဆိုင်သူများနှင့် စဥ်ဆက်မပြတ်တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်မှသာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အာဆီယံ၏ ကြိုးပမ်းမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ အာဆီယံ၏ ကြိုးပမ်းမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အဓိက ပါဝင်ပတ်သက်သူများအနက်မှ တစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာရှင်များသည် နိုင်ငံတကာအသိုက်အဝန်းက လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများ ကို လုံးဝလစ်လျူရှုလျက် တိုင်းပြည်အား ပိုမိုဆိုးရွားသည့် အခြေအနေရောက်သွားစေရန် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိခြင်းကြောင့် ပြစ်ဒဏ်မှကင်းလွတ်နေခြင်းကို အဆုံးသတ်ပေးရန်နှင့်် နိုင်ငံတကာအသိုက်အဝန်း၏ အရေးယူဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်း ထပ်လောင်းအသိပေးလိုသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICJ)တွင် တရားရင်ဆိုင်နေရသည့် ရာဇဝတ်သားစစ်တပ်ခေါင်းဆောင်များက မြန်မာပြည်သူများအပေါ်၌ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူခြင်းဖြင့် မြန်မာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ပေးရန် နိုင်ငံတကာအသိုက်အဝန်း၏ တာဝန်ပျက်ကွက်မှုကို သိရှိလျက် ထိရောက်သော အရေးယူဆောင်ရွက်မှုများဖြင့် နိုင်ငံတကာ၏ ညီညွတ်မှုကို ပြသရန် အရေး တကြီး လိုအပ်နေမှုကို ထပ်လောင်းအသိပေးလိုပါသည်။
ပြည်ထောင်စုလွှတ်တော်သည်
- မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုနှင့် နိုင်ငံတော်အား ဆက်လက်ထိန်းချုပ်ထားနိုင်ရန် နိုင်ငံ တစ်ဝှမ်း၌ ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။
- စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်များ၊ စစ်အသုံး အဆောင်ပစ္စည်းများ တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးမှုများကို ထိရောက်စွာ ပြုလုပ်ပေးရန် တောင်းဆိုသည်။
- စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းများဖြစ်သည့် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း အပါအဝင် အခြားသော ဝင်ငွေရလုပ်ငန်းများအား ဒဏ်ခတ်အရေးယူမှုများ ဆက်လက်ပြုလုပ်ပေးရန် တောင်းဆိုသည်။
- လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို လုပ်ဆောင်ထားသည့် အကြမ်းဖက် စစ်တပ်မှ တာဝန်ရှိသူများ၊ တရားမဝင် စစ်ကောင်စီအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအပေါ် ထိရောက်ပြီး ပြင်းထန်သော ဒဏ်ခတ် အရေးယူပိတ်ဆို့မှုများ တိုးချဲ့ပြုလုပ်ပေးရန် တောင်းဆိုသည်။
- မြန်မာနိုင်ငံတွင် စစ်ကောင်စီက ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများကို ဖော်ထုတ်နိုင်ရေး အချက်အလက်များစုဆောင်းနေသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီပေးရန် တောင်းဆိုသည်။
- စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးများသို့ ပေးပို့၍ တရားစီရင် နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆို သည်။
- နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)၊ ဥရောပပါလီမန် (EP)နှင့် အာဆီယံ ပါလီမန်များအဖွဲ့(AIPA)အပါအဝင် နိုင်ငံတကာလွှတ်တော်အသိုင်းအဝိုင်း အနေနှင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ဆိုးရွားသော အခြေအနေများအပေါ် ဆွေးနွေးပွဲများပြုလုပ်၍ နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့ကျသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုတိုက်တွန်းသည့် ဆုံးဖြတ် ချက်များ ချမှတ်ပေးရန် တောင်းဆိုသည်။
- အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံပြီး ထိရောက်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် လက်တွေ့ကျသော ပံ့ပိုးကူညီမှုများပေးအပ်ရန် တောင်းဆိုသည်။
- နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကြမ်းဖက်စစ်တပ်က မတရား ဖမ်း ဆီး ချုပ်နှောင်ထားသည့် အကျဥ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုချက်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂)ပါ ဆုံးဖြတ်ချက်များကို အမြန်ဆုံး လက်တွေ့ကျကျ ဖော် ဆောင်ပေးရန် ကုလသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများအား အလေးအနက် တိုက်တွန်းတောင်းဆိုသည်။
- အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရက်ဆက် အရှိန်တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ထပ်မံသွေးမြေကျမှုများ မပေါ် ပေါက်စေရန်အတွက် လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ် ပေးရန် တိုက်တွန်းတောင်းဆိုသည်။
- မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများမှ အကာအကွယ်ပေးနိုင်ရေးအတွက် R2P အရ ဝင်ရောက်ဆောင်ရွက်ပေးရန် ကုလသမဂ္ဂအား တိုက်တွန်းတောင်းဆိုသည်။
- မြန်မာ့အရေးကို ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အာဆီယံ၏ စံတန်ဖိုးများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာကာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အဓိကရှေးရှုလျက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။
- မြန်မာ့အရေးကို လက်တွေ့ကျကျ အမြန်ဆုံးထိရောက်စွာ ဖြေရှင်းနိုင်ရေး အတွက် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေဖြင့် နိုင်ငံတကာက အသိအမှတ် ပြုထားသော လွတ်လပ်၍ တရားမျှတသည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲမှတစ်ဆင့် ပြည်သူလူထုက အပ်နှင်းထားသော တရားဝင်မှုကို ကိုင်စွဲလျက် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသား ညီညွတ်ရေးအစိုးရအပါအဝင် တရားမဝင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမရှိသည့် နိုင်ငံရေးပါတီများ၊ တော်လှန်ရေး အင်အားစုများနှင့် နီးနီးကပ်ကပ် စဥ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပူးပေါင်းဆောင်ရွက်ခြင်းကို အချိန်နှောင့်နှေးခြင်းမရှိဘဲ ဆောင်ရွက်ပါရန် တိုက်တွန်းပါသည်။
အထက်ပါဆုံးဖြတ်ချက်ကို ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် များက သဘောတူဆုံးဖြတ်အတည်ပြုသည်။