ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လက်ရှိလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆွေးနွေးမေးမြန်းနိုင်ရန် ဝန်ကြီးဌာနအား ဖိတ်ကြား၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ ညနေ (၁၉:၀၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကားပြောကြားပြီးနောက် လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်ချက်များအဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့အကူအညီ ပေးမှုများအတွက် ဒေသအလိုက်နှင့်ကဏ္ဍအလိုက် ခွဲခြားတင်ပြပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးရေးကိစ္စများအား ထုတ်ပြန်နိုင်မှုအခြေအနေနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်ခြင်း နည်းပြသင်တန်းများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ထားရှိနိုင်မှုတို့ကို အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား တင်ပြရာတွင် ကုလ သမဂ္ဂအပါအဝင် အာဆီယံနိုင်ငံများ၊ ပြည်တွင်း၊ ပြည်ပဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေး ပြောကြားရာ ဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြချက်များအပေါ် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက်နိုင်မည့် လုပ်ငန်းစဥ်များအား ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။
ထို့နောက် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပရာ ရေးရာကော်မတီ များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေတို့အား တင်ပြအစီရင်ခံ၍ ရှေ့ဆက် အကောင်အထည်ဖော်ဆောင်မည့်လုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရေးရာကော်မတီများမှအတွင်းရေးမှူးများနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး (၂၂:၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
The Committee Representing Pyidaungsu Hluttaw
