မူလ / ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာ

ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမအကြိမ်အစည်းအဝေးသို့ အစီရင်ခံတင်သွင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များဆိုင်ရာ အစီရင်ခံစာ

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု၀န်ကြီးချုပ်၊ ပြည် ထောင်စုလွှတ်တော်ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် တာဝန်ရှိ ပြည်သူ့ ကိုယ်စားပြုတက်ရောက်လာကြသော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ တော်လှန်ရေး ရဲဘော်ရဲဘက် များအားလုံးကို မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ ပြည်သူ့အောင်ပွဲနှစ် ဖြစ်ပါစေကြောင်း ဦးစွာပထမ ဆု တောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီကနေ့ ဆဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးမှာ  ကျွန်မအနေနဲ့ ကျွန်မတို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ခုနှစ်ထိ တော်လှန်ရေး ၃ နှစ်တာကာလတွင်း ကဏ္ဍအသီးသီးမှာ တိုးတက်အောင်မြင်လာမှုများကို အစိုးရအဖွဲ့ကိုယ်စား တင်ပြ ခွင့်ရတဲ့အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ရပါတယ်။

 ဒီကနေ့ဟာ အကြမ်းဖက်စစ်တပ်မှ ပြည်သူ့အာဏာကို ပေါ်ပေါ်တင်တင် လုယူရန် ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်တဲ့ အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ၎င်းအာဏာ သိမ်းမှုကို ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်ဘဲ အကြမ်းမဖက်နည်းလမ်းဖြင့် လမ်းမများထက်မှာ မြို့ လုံးကျွတ်၊ ပြည်လုံးကျွတ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်အာဏာရှင်နဲ့ မပူးပေါင်းရေး CDM လှုပ်ရှားများ ပြုလုပ်ခဲ့ကြပါတယ်။ ၎င်းမှတဆင့် ခုခံတော်လှန်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြံ့ကြံ့ခိုင် ယုံယုံ ကြည်ကြည်နဲ့ တော်လှန်ခဲ့ကြတာဟာ ၃ နှစ်ဆိုတဲ့ အချိန်ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာ ဏာရှင်တို့က ပြည်သူများရဲ့ တုန့်ပြန်တွန်းလှန်နိုင်စွမ်းကို လျော့တွက်ခဲ့ကြပြီး အာဏာသိမ်းစ အချိန် ကျွန်မတို့ ပြည်သူလူထုမှ ကြွေးကြော်ခဲ့ကြတဲ့ လုံး၀အုပ်ချုပ်၍ မရစေရဆိုသည့်အတိုင်း ဒီကနေ့ အချိန်အထိ ၃ နှစ်တာ အချိန်ကာလမှာ စစ်တပ်အနေနဲ့ မည်သည့်နေရာမှာမျှ ကောင်းမွန်စွာ မအုပ် ချုပ်နိုင်ဘဲ အောင်မြင်တဲ့ အာဏာသိမ်းမှုတစ်ခု မဖြစ်ခဲ့တာကိုတော့ အားလုံးအသိအမြင်ပဲ ဖြစ်ပါ တယ်။ နွေဦးတော်လှန်ရေး ၃ နှစ်တာ ကာလဟာ အခက်အခဲများ စိန်ခေါ်မှုများ၊ ပေးဆပ်မှုများစွာကို ကျော်ဖြတ်နေရတာ မှန်သော်လည်း ကျွန်မတို့ မျှော်ရည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ် ရပ်ပေါ်ထွန်းရေး အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးတို့အတွက် တစ်နှစ်ပြီးတစ်နှစ် တိုးတက် အောင်မြင်မှုများ စနစ်တကျ ခိုင်ခိုင်မာမာဖြစ်ပေါ်လျက်ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု၀န်ကြီးချုပ်ကြီးနှင့်တကွ အစိုး ရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌနှင့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်ကြီး များရှင့်…..

ကျွန်မအနေနဲ့ ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်အစီရင်ခံစာကို “တစ်နှစ်အတွင်း အောင် နိုင်ရေးမဟာဗျူဟာ” “One Year Plan” ပါရေးဆွဲသဘောတူချမှတ်ခဲ့ကြသည့်အတိုင်း နိုင်ငံရေး၊ စစ် ရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး၊ စိတ်ဓါတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေး၊ အုပ်ချုပ်ရေးကဏ္ဍ ၆ ခု ဖြင့် အကောင်အထည်ဖော် ဆောက်ရွက်ခဲ့မှုများကို အခြေတည်၍ ဖတ်ကြား အစီရင်ခံခွင့်ပြုပါ။ ဒီ ကဏ္ဍ၆ခုကို ဖော်ဆောင်ထမ်းရွက်ကြရာမှာ ကျရာနေရာကနေ ပြည်သူ့တော်လှန်ရေးအောင်နိုင်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ ဝန်ကြီးဌာနအသီးသီးနှင့်တကွ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်း များ အားလုံးကို ဒီနေရာကနေကပဲ ကျေးဇူးတင်ဂုဏ်ပြု ပြောကြားပါရစေ။

နိုင်ငံရေးကဏ္ဍ တိုးတက်မှုများကို ဦးစွာတင်ပြရမယ်ဆိုရင် ၂၀၂၃ ခုနှစ်အတွင်းရှိခဲ့တဲ့ နိုင်ငံရေး တိုးတက်မှုများဟာ သမိုင်းတွင်မယ့် အောင်မြင်မှုများပဲ ဖြစ်ခဲ့ပါတယ်။ စစ်အာဏာရှင်တို့ဟာ တော် လှန်ရေးကို ပြိုလဲကျရှုံးသွားစေဖို့ လူမဆန် ကြမ်းကြုတ်ရက်စက်မှုတွေ နိုင်ငံရေး သွေးခွဲ/သွေးထိုး လှုံ့ဆော်မှုတွေ ဘယ်လိုပင် သုံးခဲ့သုံးခဲ့ ကျွန်မတို့ တော်လှန်ရေးအလွှာအသီးသီးရဲ့ စုပေါင်းစွမ်းအားကို စိန်ခေါ်ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပါဘူး။ ကျွန်မတို့ ပြည်သူ့ဘက်တော်သားတော်လှန်ရေးအင်အားစု များအနေနဲ့ စစ်တပ်ရဲ့ ယုတ်မာမှုနဲ့ လှည့်ကွက်တွေကို နောကျေနေပြီဖြစ်သလို ပြည်သူလူထုတရပ် လုံးဟာလည်း အခြေခံအခွင့်အရေးများပင် ဆုံးရှုံးပြီး ဖိနှိပ်ခံခဲ့ရတဲ့ အာဏာရှင် အုပ်ချုပ်မှု လက်အောက်ကို ဘယ်တော့မှ ပြန်မသွားလိုတော့တဲ့ သန္နိဋ္ဌာန်ဟာ ထင်ရှားလို့နေပြီပဲ ဖြစ်ပါတယ်။ ဒါအပြင် နှစ်ပေါင်းများ စွာ ခိုင်ခိုင်မာမာ တည်ဆောက်ထားပါတယ်ဆိုတဲ့ စစ်တပ် institution ဟာ အာဏာသိမ်းမှုဖြစ်စဥ်နောက် လူထုထောက်ခံမှု အကျဆင်းဆုံး အခြေအနေ၊ စစ်ရေးစွမ်းဆောင်ရည်နဲ့ အုပ်ချုပ်စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်တို့ဟာ သမိုင်းတစ်လျောက် အနိမ့်ပါးဆုံး အခြေအနေကို ရောက်နေပြီး နိုင်ငံရေးထွက်ပေါက်မဲ့တဲ့ အခြေအနေကိုပင် ရောက်ရှိနေပြီဆိုတာကို အားလုံးသိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့နှစ်များမှာ ၎င်းတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုလို့ ပြောလို့ရ တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA ဟာ ပျက်ပြယ်သွားပြီး ပါ၀င် လက်မှတ်ရေးထိုးထားတဲ့ တော်လှန်ရေးအဖွဲ့အစည်းအများစုက ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ယနေ့အချိန်မှာ တိုက်ပွဲဝင်လျက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တို့ မျှော် မှန်းတဲ့ တော်လှန်ရေးမဟာမိတ်စုဖွဲ့မှု ပြိုကွဲရေးက ဖြစ်ပေါ်မလာဘဲ ၎င်းတို့ရဲ့ အဖွဲ့အစည်းကသာ ပျက်ဆီးရေးလမ်းကြောင်းပေါ်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့  “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်” ပါ လုပ်ငန်းစဥ်များ အတိုင်း ၎င်းတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ တန်းတူညီမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံနိုင် စေရန် သက်ဆိုင်ရာဒေသအသီးသီးရဲ့ အနာဂါတ် ဖက်ဒရယ်ယူနစ်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ကို ၎င်းတို့ကိုယ်တိုင် ရေးဆွဲခဲ့ကြပြီးဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းများတွင်လည်း ဗဟိုချုပ်ကိုင်မှုမရှိဘဲ မိမိတို့ဒေသကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကိုဖွဲ့စည်းကာ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုပ်ငန်းစဥ်များ တိုးတက်လာနိုင်စေရေးကို ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ မိမိတို့ဒေသအလိုက် မိမိတို့ကြမ္မာ ကိုယ်တိုင် ဖန်တီးခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်တို့ အတွက် ယခုလို လက်တွဲညီညီ တိုးတက်လာနိုင်မှုတွေဟာ လူမျိုးတိုင်း တန်းတူညီမှုအတွက် စစ်မှန် တဲ့ ဖက်ဒရယ်စနစ်ရဲ့ အရေးကြီးတဲ့ အခြေခံအုတ်မြစ်များပဲ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားကြတဲ့ တိုင်းရင်းသား အစုအဖွဲ့အားလုံး နိုင်ငံရေးသဘော တူညီမှုများ ရရှိရေး၊ ဗဟိုအစိုးရနှင့် ဖက်ဒရယ် ယူနစ်များအကြား စုစည်းအားကောင်းစေရေးအတွက် မိမိတို့အစိုးရအနေနဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)နဲ့ မဟာမိတ်ဆက် ဆံရေးကော်မတီအပါအဝင် ဝန်ကြီးဌာနအသီးသီးက လူထုကိုယ်စားပြု အဖွဲ့အစည်းပေါင်းစုံ၊ တိုင်း ရင်းသားခေါင်းဆောင်များ အားလုံးနဲ့နေ့ညမပြတ် အတူတကွအားထုတ်လျက်ရှိပါကြောင်း ကိုယ်စား လှယ်ကြီးများမှတဆင့် လူထုကိုလည်း အသိပေးတင်ပြလိုပါတယ်။

စစ်ရေးကဏ္ဍတွင်လည်း ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေး အလှည့်အပြောင်း မှတ်တိုင်တစ်ခု အဖြစ် မဟာဗျူဟာ ခံစစ်အနေအထားမှ မဟာဗျူဟာထိုးစစ်အနေအထားသို့ ပြောင်းလဲနိုင်ခဲ့တဲ့ နှစ် ဖြစ်ပါတယ်။ ဒီရလဒ်တွေဟာ လူထုရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများနဲ့ မဟာမိတ် တော်လှန် ရေးအင်အားစုများအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုများရဲ့ အကျိုး ရလဒ် များပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သောင်းသိန်းချီတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ်လူရွယ်များ စွာဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများထံ ခိုလှုံကာ စစ်ပညာများသင်ယူခဲ့ကြပါတယ်။ ၂၀၂၂ခုနှစ်မှာ တစထက်တစ အင်အားကြီးထွား စုစည်းမိလာတဲ့ တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေး အင်အားစုကြီးဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်များကို မဟာဗျူဟာကျကျ ခုခံရင်း တော်လှန်ရေး ကို အားယူရှင်သန်စေခဲ့ပါတယ်။ ကျွန်မတို့ ဒီကနေ့ စစ်ရေးတိုးတက်မှု ဒီအချိန်ကို ရောက်ရှိလာနိုင် တာဟာ အတွေ့အကြုံ လက်နက်အင်အားမပြည့်မစုံနဲ့ စတင်ခဲ့ရပေမယ့် ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ တော်လှန်ရေးကို ဆင်နွှဲခဲ့ကြတဲ့ နေရာဒေသအသီးသီးက ပြည်သူတွေရဲ့ စွမ်းရည်ကို မှတ်ကျောက် တင်ရမှာပဲ ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ မဟာဗျူဟာ တိုက်ခိုက်ရေးအင်အားများဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တပ်များကိုပါ ဦးတည်တိုက်ခိုက်နိုင် ခဲ့ပြီး အဓိက ကုန်သွယ်ရေးလမ်းမကြီးများအပါအ၀င် ပြည်ထောင်စုလမ်းမကြီးများကို စိုးမိုးထားနိုင် လာခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိတွင် တနိုင်ငံလုံး မြို့နယ်ပေါင်း ၃၃၀အနက် မြို့နယ် ၂၅၀ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းထားပြီး မြို့ နယ်ပေါင်း ၂၄ မြို့နယ်ကိုလည်း စိုးမိုးနယ်မြေများအဖြစ် ကြေညာပြီး ပြည်သူလူထုအား အကာ အကွယ်ပေး စောင့်ရှောက်မှု၊ အုပ်ချုပ်ရေးနဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ စတင်လည်ပတ်လျက် ရှိပါတယ်။ ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများမှ စတင်ပြီး ၃ လအတွင်း မြို့ပေါင်း ၃၆ သိမ်းပိုက်ပြီး မြို့ များကို ဆက်လက်သိမ်းပိုက်လျက်ရှိပါတယ်။ စခန်းပေါင်း ၅၀၀ ကျော်ကို သိမ်းပိုက်ထားပြီး ၃ နှစ် အတွင်း စစ်ကောင်စီအင်အား ၃ သောင်းကျော်ခန့် ကျဆုံးခဲ့ပြီး ဘက်ပြောင်း၊ အလင်းဝင်၊ လက်နက်ချ၊ တပ်ပြေးစသဖြင့် အင်အားထောင်ချီ ပြုန်းတီးလျက်ရှိပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံတဲ့စစ်သားနဲ့ ရဲတပ် သား ၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ဒုဗိုလ်မှူးကြီးအဆင့် အရာရှိအဆင့်များ များစွာပါ၀င်ခဲ့ပါတယ်။ ထို့အပြင် စစ်မြေပြင်တွင် အမြင့်ဆုံးတပ်မှူးများဖြစ်သည့် ဗိုလ်မှူးချုပ်အဆင့်များထိ အများအပြားသေဆုံးမှု များ၊ တပ်ရင်းတပ်ဖွဲ့လိုက် လက်နက်ချအညံ့ခံမှုများမှာ စစ်တပ်သမိုင်းမှာ အရှက်ရဖွယ် စံချိန်တင် ကျ ရှုံးမှုများဖြစ်ပါတယ်။ ဒီ့အပြင် စစ်တပ်ရဲ့ တစ်ခုတည်းသော အားသာချက်ဖြစ်တဲ့ တိုက်ခိုက်ရေးလေ ယာဥ်များကို ပစ်ချနိုင်ခဲ့သည်အထိ တော်လှန်ရေးအင်အားစုများရဲ့ အောင်ပွဲများကို မြင်တွေ့လာရပြီး တစ်ဘက်မှာလည်း စစ်တပ်အနေနဲ့ တော်လှန်ရေး ၃ နှစ်တာအတွင်းမှာပင် မကြုံဖူးအောင် ပြိုဆင်း နေပြီဆိုတာ သိသာထင်ရှားပါတယ်။ “ကွက်ပြည့်နင်း ကွက်စေ့ခင်း” ဗျူဟာများဖြင့် “တစ်လှိုင်းပြီး တစ်လှိုင်း” တရွေ့ပြီးတရွေ့ မှန်မှန်ချဥ်းကပ်လာတဲ့ စစ်ဆင်ရေးများဟာ ထိခိုက်မှုအနည်းဆုံးနဲ့ ပြည် သူ့အောင်ပွဲကို ဆောင်ကျဥ်းလာတော့မယ်ဆိုတာကို အစိုးရအဖွဲ့ကိုယ်စား ကျွန်မအနေနဲ့ အခိုင်အမာ ပြောကြားလိုပါတယ်။ အရေးကြီးဆုံးကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ သန္နိဋ္ဌာန်ခိုင်မာမှု၊ ဇွဲရှိမှုနဲ့ အဘက်ဘက်မှ လူအား၊ ငွေအား၊ စိတ်ဓါတ်ခွန်အား ထောက်ပံ့ပေးမှုတို့ကြောင့်လည်း စစ်ဆင်ရေးများ ဟာ ရည်မှန်းထားသည်ထက် ပိုမိုလျင်မြန်ထိရောက်စွာ အောင်ပွဲများ ဆွတ်ခူးနေခြင်းဖြစ်ကြောင်းကို လည်း တင်ပြလိုပါတယ်။

တတိယကဏ္ဍဖြစ်သည့် စီးပွားရေးကဏ္ဍမှာလည်း တော်လှန်ရေးအတွက် အရင်းအမြစ် ရှာဖွေ ထောက်ပံ့နိုင်ရေးနှင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်းမှန်သမျှကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ရေးဆိုသည့် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်နေပါတယ်။ လူထုဟာ အခက်အခဲတွေ ဘယ် လောက်ကြုံနေပါစေ၊ တော်လှန်ရေးအတွက် ရှိသမျှအင်အားများနဲ့ ပါဝင်ပေးနေခြင်းကို ကြည့်ခြင်း အားဖြင့် စစ်အာဏာရှင်စနစ်ကို မည်မျှစက်ဆုပ်ရွံရှာနေသလဲဆိုတာ သက်သေပြနေသကဲ့သို့ပင်ဖြစ် ပါတယ်။ ဒါကြောင့် ၃ နှစ်ကြာမြင့်သည်အထိ လူထုတရပ်လုံး ပူးပေါင်းပါဝင်မှုများနဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ စီမံခန့်ခွဲမှုများကြောင့် တော်လှန်ရေးဘဏ္ဍာငွေများ ဆက်လက်ရရှိနေပြီး တော် လှန်ရေးကို အထောက်အပံ့ပြုနေနိုင်ဆဲ ဖြစ်ပါတယ်။

စိုးမိုးထိန်းချုပ်ဒေသများမှ အခွန်ကောက်ခံရရှိမှု၊ နွေဦးထီ၊ ငွေတိုက်စာချုပ်၊ End of Dictatorship အစီအစဥ်ဖြင့် စစ်တပ်နှင့် စစ်အာဏာရှင်ပိုင် အိမ်ခြံမြေများရောင်းချမှု စသည်တို့မှ တော်လှန်ရေး ရံပုံ ငွေများ ရရှိလျက်ရှိပါတယ်။ အခွန်ကောက်ခံရာတွင်လည်း ပြည်သူလူထုကို ဖိအားမဖြစ်စေဘဲ ဥပဒေ စည်းကမ်းများ ချမှတ်ကာ စနစ်တကျ ကြပ်မတ်နိုင်ဖို့ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းများကို လုံခြုံလွယ်ကူချောမွေ့စေရန်လည်း NUG Pay စသည့် ငွေကြေးစနစ်ဖြင့် ကမ္ဘာ့နိုင်ငံ အနှံ့တွင် ချိတ်ဆက်လည်ပတ်လျက် ရှိပြီဖြစ်ပါတယ်။ ထို့အတူလူထု၏ ပိုင်ဆိုင်မှုများကို အကြမ်းဖက် သမားများနှင့် ၎င်းတို့၏ ခရိုနီများမှ ရယူခြင်း၊ ဖျက်ဆီးခြင်းများ မပြုနိုင်စေရန်၊ ပြည်သူ့ဓနဥစ္စာများကို ခေတ်သစ်နည်းပညာများဖြင့် စုဆောင်းကာကွယ်နိုင်ရန် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဖွင့်လှစ်ပြီးဖြစ်ပါ တယ်။ အထက်ပါဆောင်ရွက်ချက်များဟာ တော်လှန်ရေးကာလအတွင်းသာမက တော်လှန်ရေး အလွန်ကာလတွင်ပါ စစ်ကောင်စီနှင့် ၎င်းတို့အပေါင်းပါ ခရိုနီများရဲ့ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို အပြီးတိုင် ချုပ်ငြိမ်းစေရန်ရည်ရွယ် ဆောင်ရွက်ချက်များပဲဖြစ်ပါတယ်။

ထို့အတူစစ်ကောင်စီ၏ အဓိကဝင်ငွေလမ်းများဖြစ်တဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့မှ ရရှိငွေများ ကို ဘဏ်များမှစီးဝင်မှု မရှိစေရန် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူ ထုကြီးရဲ့ စစ်ကောင်စီ ထုတ်ကုန်များ ဆက်လက် သပိတ်မှောက်မှုများ၊ ကုန်သွယ်ရေးလမ်းကြောင်း များနှင့် သယံဇာတထွက်ရှိသည့် ဒေသအချို့ကို တော်လှန်ရေးအင်အားစုများမှ ထိန်းချုပ်လာနိုင်မှု များကြောင့် စစ်ကောင်စီ၏ စီးပွားရေးမှာ ထိခိုက်လျက် ရှိပါတယ်။ သို့သော်လည်း စစ်ကောင်စီဟာ မူး ယစ်ဆေးဝါးနှင့် ကျားဖြန့်ကဲ့သို့ လောင်းကစားများမှတဆင့် စစ်အသုံးစရိတ်များရရှိနေသလို တရားမ ဝင်ငွေကြေးများနှင့် အသက်ဆက်လျက်ရှိသည့်အတွက် အဆိုပါကိစ္စများကို ထိရောက်စွာ ကိုင်တွယ် နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြိုးပမ်းလျက်ရှိပါတယ်။

၂၀၂၃ခုနှစ်ဟာ နိုင်ငံခြားရေး ကဏ္ဍအတွက် ထူးခြားတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ အမျိုး သားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးနဲ့ဆက်စပ်ဌာနများအနေနဲ့ နိုင်ငံတကာပံ့ပိုးကူညီမှု ရယူနိုင် ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေး၊ စစ်ကောင်စီအား နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကျဥ် အရေးယူရန်နှင့် ၎င်းတို့ထံရောက်ရှိနေတဲ့ ထောက်ပံ့ကူညီမှုများကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ် တောက်တားဆီးရေး၊ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်နေမှုမျိုးစုံကို နိုင်ငံတကာအသိုင်းဝိုင်းမှ သိရှိ ပြီး အရေးယူနိုင်စေရန်နှင့် ပြည်တွင်းနှင့် ပြည်ပရောက် နိုင်ငံသားတို့ကို အကာကွယ်ပေးနိုင်ရေးစတဲ့ လုပ်ငန်းစဥ်ကြီးများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်ထိ ၃ နှစ်တာ ကာ လအတွင်း အစိုးရအနေဖြင့် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး များ ဖွင့်လှစ်ကာ အာဆီယံအတွက်လည်း ကိုယ်စားလှယ်ထားရှိပြီး တရားဝင် ဆက်ဆံရေးများ တည် ဆောက်လျက်ရှိပါတယ်။ နိုင်ငံခြားရေး၀န်ကြီးအနေဖြင့်လည်း US, UK, ချက်သမ္မတနိုင်ငံအပါအ၀င် ဥရောပနိုင်ငံများ၊ တီမောလက်စတေးနိုင်ငံတို့ကို သွားရောက်ကာ မြန်မာ့တော်လှန်ရေးဖြစ်စဉ်အပေါ် တိုးတက်မှုများအား သတင်းစကားပေးခြင်းနှင့် စစ်ကောင်စီအား အရေးယူပိတ်ဆို့မှုများ ဆောင်ရွက် နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ဂျပန်၊ ပြင်သစ်၊ EU ပါလီမန်တို့ထံမှ ကျွန်မတို့အစိုးရကို တရားဝင်အသိအမှတ်ပြုမှုရရှိထားပြီး ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်အတွက် ပြည်သူ့တော်လှန်ရေးနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ၃ နှစ်တိုင်တိုင် ဆက် လက်ခန့်ထားပြီး စစ်ကောင်စီ ကိုယ်စားပြုခွင့် လုံးဝမရရှိစေခဲ့တာတွေသည် ထင်ရှားလှတဲ့ နိုင်ငံခြား ရေးကဏ္ဍ အောင်မြင်မှုများပဲဖြစ်ပါတယ်။

စစ်အာဏာရှင်တို့ဟာ ရုရှား၊ တရုတ်နိုင်ငံတို့ကို အစဥ်အမြဲ အားကိုးရပ်တည်ပြီး ပြည်သူကို ဖိနှိပ်စိုးမိုးခြယ်လှယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးမှာ ကျဆင်းလာ သလို  ကျားဖြန့်အရေးတွင် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ၊ ၎င်းတို့၏ မဟာမိတ်နယ်ခြား စောင့်တပ်များနှင့် ခရိုနီတို့၏ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုကြောင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမှာ ထိခိုက်ပျက်ပြားသွားခဲ့တာကို တွေ့ရပါတယ်။ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေ ဖြင့်လည်း ပြည်သူ့ဆန္ဒဖြစ်တဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လမ်းကြောင်းပေါ်တွင်သာ တစိုက်မတ်မတ် လျောက်လှမ်း နေသည့် တော်လှန်ရေးပန်းတိုင်ကို နားလည်လက်ခံလာကြပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံ အချို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပေါ်ပေါ်တင်တင်အားပေးခြင်း မပြုရဲသည်မှာလည်း လူ သားမျိုးနွယ်စုအပေါ် ရာဇ၀တ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များနှင့် ပြည်သူလူထု ကြီးတရပ်လုံး၏ စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘဲ အဆုံးထိသွားမည့် သံန္နိဌာန်ဖြင့် ရဲဝံ့ပြတ် သားစွာ ဆန့်ကျင်တော်လှန်နေမှုများကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းများတွင် တိုးတက်မှုများရှိသော်လည်း အိမ်နီးချင်းနိုင်ငံများ နှင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးရရှိနိုင်ရန်နှင့် တော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ကို ပိုမိုနား လည်နိုင်စေရန် ဆက်လက်ကြိုးပမ်းရမည့် လုပ်ငန်းစဉ်များလည်းရှိပါတယ်။ ၂၀၂၄ခုနှစ်အတွင်း ရည် မှန်းချက်များအဖြစ် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စများအပါအဝင် နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ် ရေးကဏ္ဍ၊ နယ်စပ်ဒေသများရှိ စစ်ဘေးရှောင်များ ပိုမိုကာကွယ်စောင့်ရှောက်နိုင်မှုဆိုင်ရာ ကဏ္ဍများ အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး နိုင်ငံအသီးသီးနဲ့ ပိုမိုထိစပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

 စိတ်ဓါတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေး လုပ်ငန်းစဥ်များတွင် ၁။ ပြည်သူလူထုအနေဖြင့် စိတ်ခွန်အားတက်ကြွစေခြင်းနှင့် အစိုးရ၏ မူဝါဒများကို ပိုမိုနားလည်ပြီး တော်လှန်ရေးတွင် ပိုမိုပါဝင် လာနိုင်စေရေး၊ ၂။ စစ်ကောင်စီဘက်မှ သတင်းအမှားများကို တုန့်ပြန်ပြီး ပြည်သူနှင့် နိုင်ငံတကာအား သတင်းမှန်များ အချိန်နှင့်တပြေးညီဖြန့်ဝေနိုင်စေရေး၊ ၃။ စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့များ ပြည် သူ့ရင်ခွင်ခိုလှုံလာစေရေး ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် PVTV, Radio NUG, Website, Facebook, Twitterများမှတဆင့် ထုတ်လွှင့်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိပြီး Formal နဲ့ Informal  သတင်းထုတ်ပြန်ရေးလုပ်ငန်းများကိုလည်း အချိန်နဲ့ တပြေးညီဆောင်ရွက်လျက်ရှိပါတယ်။ ပြောရေးဆိုခွင့်ရှိသူများမှလည်း မီဒီယာများနှင့် ချိတ်ဆက်၍  အင်တာဗျူးများ၊ သတင်းစကားများ ပုံမှန်ပေးလျက်လည်းရှိပါတယ်။

 ဒီ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေးကဏ္ဍ အနေနဲ့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် မပြတ်တောက်စေရန်ကိုလည်း အဓိကဉီးစားပေး ဆောင်ရွက်လျက်ရှိသလို ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး လေကြောင်းရန် သတိပေးစနစ် များ တပ်ဆင်ခြင်း၊ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအတွက် လိုအပ်သော သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် အခြားပြည်နယ်/ဖက်ဒရယ်ယူနစ်တို့တွင် အထူးအလေးပေး ဆောင် ရွက်လျက်ရှိပါတယ်။

ယနေ့အချိန်တွင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော တပ်/ရဲ အင်အား ၁၅,၀၀၀ ကျော်ခန့်ရှိပါ တယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးလှိုင်းများအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံမှုဟာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ အများစုဟာ မတရားအာဏာ လုယူမှုကို လက်မခံနိုင်ခြင်းက အဓိကအကြောင်းအရင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်မူ စစ်ရေးရှုံးနိမ့်မှု၊ စစ် အာဏာရှင်တို့၏ ဖိနှိပ်မှုဒဏ်တို့ကြောင့် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၂၄ ခုနှစ် ချေမှုန်းမည့်နှစ်တွင် လက်နက်ချအညံ့ခံ စစ်တပ်ကို စွန့်ခွာကြမဲ့ အခြေအနေများကိုလည်း မြင် တွေ့နေရပြီဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ မဟာမိတ်စုစည်းမှုများ၊ စစ်ရေးအောင်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ တစ်ဘက်ကလည်း NCA အပါအဝင် စစ်ကောင်စီရဲ့ မဟာမိတ်များ ပြိုကွဲ ခြင်းနှင့် စစ်ကောင်စီရဲ့ အားထားရာ တရုတ်နိုင်ငံရဲ့ ၎င်းတို့အပေါ် ဖိအားများ စသည်တို့ကို ပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်သိရှိလာအောင် အသိပေးထုတ်ပြန်မှုတွေ စဉ်ဆက်မပျက် ဆက်လက် လုပ် ဆောင်ခဲ့မှုများကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံသူများ တိုးပွားလျက်ရှိပါတယ်။

ဆဋ္ဌမတစ်ခုဖြစ်သော အုပ်ချုပ်ရေးကဏ္ဍသည် ထိန်းချုပ်စိုးမိုးနယ်မြေများ ပိုမိုတိုးပွားလာ သည်နှင့်အမျှ ပိုမိုရုပ်လုံးပေါ် ရှေ့တန်းရောက်လာသော ကဏ္ဍတစ်ခုဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကို အမြစ်လှန်ချေမှုန်းနိုင်ရေးတွင် အုပ်ချုပ်ရေးကဏ္ဍသည် လွန်စွာအရေးပါလှသလို ကြားကာလ အစိုးရတစ်ရပ်အနေဖြင့် အသွင်ကူးပြောင်းကာလနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအထိတိုင် မျှော်မှန်းသော အုပ်ချုပ်ရေးအခြေခံအုတ်မြစ်များ ချမှတ်ဖော်ဆောင်နိုင်ရန်မှာ လွန်စွာမှအရေးကြီးပါ တယ်။ ကျွန်မတို့အစိုးရအနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေများမှာ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းများကို ဒေသပြည်သူလူထု အခြေပြုဖော်ဆောင်လျက်ရှိပြီး တိုင်းဒေသကြီး ၇ ခုတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များကို ၁၇၃ မြို့နယ်တွင် ဖွဲ့စည်းခြင်း၊ ခရိုင်အဆင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ၁၀ ခရိုင်တွင် ဖွဲ့စည်းခြင်း ပြည်သူ့လုံခြုံရေး တပ်ဖွဲ့များကို ၄၁ မြို့နယ်တွင် ဖွဲ့စည်းခြင်း၊ ပြည်သူ့ရဲတပ်ဖွဲ့များကို ၈ မြို့နယ်တွင် ဖွဲ့စည်းခြင်း စတဲ့လုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါတယ်။  ၂၀၂၃ ခုနှစ်နှောင်ပိုင်း တွင် စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ အင်းတော်မြို့နယ် မော်လူးမြို့၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေး မြို့၊ တမူးခရိုင် ခမ်းပတ်မြို့တို့အား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးအဖွဲ့များနဲ့ မဟာမိတ် တပ်ဖွဲ့များက ပေါင်းစပ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါဒေသများတွင် သိမ်းပိုက်နယ်မြေအဖြစ် ကြေညာကာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းပြီး ကာကွယ်ရေးကဏ္ဍ၊ ပြည်သူ့လုံခြုံရေး ကဏ္ဍ၊ ပြည်သူ့၀န်ဆောင်မှုကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများကို အားသွန်ခွန် စိုက် ဖော်ဆောင်လျက် ရှိနေပြီဖြစ်ပါတယ်။

စစ်ရေးအရ အသာစီးမရနိုင်တော့တဲ့ စစ်ကောင်စီအနေဖြင့် စစ်ရေးအခြေစိုက်များထက် အရပ် သားပြည်သူများအပေါ် ဗျူဟာမြောက် ဦးတည်တိုက်ခိုက်လာမှုများကို ပိုမိုမြင်တွေ့လာရပါတယ်။ စစ်ကောင်စီရဲ့ အရပ်သားများအပေါ် ဦးတည်တိုက်ခိုက်မှုတွေကြောင့် လူဦးရေ ၂.၆ သန်းခန့် နေရပ် စွန့်ခွာ ထွက်ပြေးနေရပြီး လူဦးရေ ၁၈.၆ သန်းခန့်သည် လူသားစာနာ အရေးပေါ်အကူအညီများ လို အပ်လျက်ရှိပါတယ်။ ကျွန်မတို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနအနေဖြင့် ၂၀၂၃ခုနှစ်အတွင်း လူသားချင်းစာနာ ထောက် ပံ့မှုကဏ္ဍအတွက် ကျပ်သန်း ၅,၁၀၀ ကျော်ကို စစ်ဘေးရှောင်များ၊ ရွာမီးရှို့ခံပြည်သူများအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွာနေကြရသူများ၊ CDM ပြည်သူ့ဝန်ထမ်းများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအတွက် အသုံးပြုခဲ့ပါတယ်။ နေအိမ်မီးရှို့ဖျက်ဆီးခံရသူ ပြည်သူများကို ယာ ယီအိမ်၊အမိုးအကာများ ထောက်ပံ့ခြင်း ပြန်လည်ထူထောင်ရေးအစီအစဥ်များကိုလည်း ဖော်ဆောင် လျက်ရှိပြီး အရပ်သားပြည်သူထိခိုက်မှု လျှော့ချနိုင်ရေးနှင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင်လေ့ကျင့်ခြင်း၊ ဗုံးခိုကျင်းများ တူးဖော်ပြင်ဆင်ခြင်းများကို ဦးဆောင် ဆောင်ရွက်လျက်ရှိပါတယ်။ အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကော်မရှင်တစ်ရပ်ကို ၀န်ကြီးဌာနများ၊ အတိုင်ပင်ခံကောင်စီများ၊ အုပ်ချုပ်ရေးကောင်စီများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များမှ တာ၀န်ခံများဖြင့် ဖွဲ့စည်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၀န်ဆောင်မှု ကဏ္ဍတွင် တော်လှန်ရေးကာလအတွင်း ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်ပေါင်း ၃၀၄ မြို့နယ် တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့များဖွဲ့စည်းခဲ့ပြီး အခြေခံပညာရေး၀န်ဆောင်မှုများ ရရှိစေရန် ကြိုး ပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျေးရွာပေါင်း ၆,၄၀၇ ရွာတွင် အခြေခံပညာမူလတန်း၊ အလယ် တန်း၊ အထက်တန်းစာသင်ကျောင်းပေါင်း ၅,၉၄၉ ကျောင်း ဖွင့်လှစ်ထားနိုင်ခဲ့ပြီး CDM ဆရာ၊ ဆရာမ ၁၈,၅၄၈ဦးနှင့် စေတနာ့၀န်ထမ်း ဆရာ၊ ဆရာမပေါင်း ၄၃,၀၉၇ဦး စုစုပေါင်း ၆၁,၆၄၅ဦးတို့မှ ကျောင်း သား/ကျောင်းသူဦးရေ ၇၂၇,၈၆၀ဦးကို ပညာသင်ကြားပေးလျက်ရှိပါတယ်။ စစ်ကောင်စီ ထိန်းချုပ် လျက်ရှိသော ဒေသများရှိ စစ်ကောင်စီပညာရေးစနစ်ကို ငြင်းပယ်ကြသော ကျောင်းသားကျောင်းသူ များအတွက် အွန်လိုင်း အခြေခံပညာကျောင်းပေါင်း ၇၅ ကျောင်းကို ဖွင့်လှစ်ထားနိုင်ပြီး CDM နှင့် စေ တနာ့၀န်ထမ်း ဆရာ၊ဆရာမပေါင်း ၄,၀၈၇ ဦးမှ ကျောင်းသားဦးရေ ၉၆,၃၉၇ ဦးကို သင်ကြားပို့ချလျက် ရှိပါတယ်။ ၂၀၂၃ ခုနှစ် အခြေခံပညာစစ်ဆေးအကဲဖြတ်ခြင်းကို အွန်လိုင်းနှင့် မြေပြင်ဖြေဆိုခြင်း နှစ် မျိုးကျင်းပဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်တွင် ၀င်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၃,၂၅၀ ဦး ရှိခဲ့ပါ တယ်။ အဆင့်မြင့်ပညာကဏ္ဍတွင်လည်း  စစ်ကိုင်းဒေသ၌ “ချင်းတွင်းဘာသာရပ်စုံတက္ကသိုလ်” (Chindwin Comprehensive University) ကို School of Arts & Science နှင့် School of Education ကျောင်း ၂ ခုကို ဖွင့်လှစ်နိုင်ခဲ့သလို မကွေးဒေသတွင် Aung San Comprehensive University (ASCU)ကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းစီမံလျက်ရှိပါတယ်။ ကရင်နီသူနာပြုတက္ကသိုလ် (Karenni Nursing School)နှင့် တအာန်းမြေတက္ကသိုလ် (T’ang Land University)တို့နှင့်လည်း ဘာသာရပ် ဆိုင်ရာအလိုက် တွေ့ဆုံ၍ ဆွေးနွေးဖလှယ်ခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ဒီအပြင် ဆရာအတတ်သင်ပညာအစီအစဥ်များ၊ သက်မွေးပညာ သင်တန်းများကိုလည်း မြေပြင်၊ အွန် လိုင်းကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း ကျန်းမာရေး၀န်ကြီးဌာနမှ မြို့ နယ်ပေါင်း ၁၉၀ တွင် ဒေသဆိုင်ရာ ကျန်းမာရေးတာ၀န်ခံ ၂၉ ဦး၊ မြို့နယ်တာ၀န်ခံ ၂၂၇ ဦးတို့နှင့် မြေ ပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံပေါင်း ၇၄ ရုံ၊ ဆေးခန်း ပေါင်း ၄၀၂ ခု၊ ရွှေ့လျားဆေးခန်းပါင်း ၂၅၀ ကျော်ကိုလည်း ကျန်းမာရေး CDM များ စေတနာ့၀န်ထမ်း များ စုစုပေါင်း ၄,၂၃၁ ဦးဖြင့် စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လက် လှမ်းမှီစေရေးအတွက် အွန်လိုင်းအခမဲ့ဆေးခန်းများဖြင့်လည်း အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း အွန်လိုင်းဆေးခန်း၀န်ဆောင်မှုကို ပြည်တွင်းအပြင် ပြည်ပနိုင်ငံ ၃၇ နိုင်ငံမှ မြန်မာလူမျိုးများ စုစုပေါင်း အကြိမ် ၅၁,၂၆၀ ကြိမ် ၀န်ဆောင်မှု ရယူခဲ့ကြပါတယ်။ ဖက်ဒရယ် ကျန်းမာရေးအစီအစဥ်ဖြင့် လူထုတရပ်လုံး၏ အမျိုးသားညီညွတ်ရေးအစိုးရထံ လှူဒါန်းခဲ့သော ဘဏ္ဍာ ရန်ပုံငွေများ၊ ထိမ်းချုပ်နယ်မြေများမှ ရရှိသော အခွန်အကောက်များဖြင့်  တော်လှန်ရေးအင်အားစု မိတ်ဖက်အဖွဲ့ အစည်းအသီးသီးတို့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များနှင့်  ကျန်းမာရေး လုပ်သားများ၏ လိုအပ်ချက်များကို စနစ်တကျ စိစစ်ပြီး ပံ့ပိုးပေးလျက်ရှိရာ ကျန်းမာရေးကဏ္ဍတွက် ၂၀၂၃ ခုနှစ်တွင်း ကျပ် ၃.၄ ဘီလျံကျော် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပေါင်းစပ်ဖော်ဆောင်နိုင်ရန်အတွက် ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းပြီး ကြားကာလ တရားစီရင် ရေးမူ၀ါဒများ၊ တရားစွဲအဖွဲ့အစည်းများအတွက် လက်စွဲများ၊ ကြားကာလအယူခံ တရားရုံးများ နည်း ဥပဒေများပြဌာန်းခြင်း၊ တရားသူကြီးများခန့်အပ်ခြင်း၊ မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေး ပေါင်း စပ်ညှိုနှိုင်းရေးကော်မတီများ ဖွဲ့စည်းညှိနှိုင်းအကောင်အထည်ဖော်ခြင်းစသည့် မူ၀ါဒဆိုင်ရာများကို ဦး ဆောင်လမ်းညွှန်မှု ပေးလျက်ရှိပါတယ်။ တရားရေး၀န်ကြီးဌာနမှ ဦးဆောင်၍ မြို့နယ် ၂၆ မြို့နယ်တွင် တရားသူကြီး ၁၂၃ ဦးနှင့် မြို့နယ်အရာရှိများကို ခန့်အပ်တာ၀န်ပေးပြီး တရားစီရင်ရေးလုပ်ငန်းများကို ဖော်ဆောင်လျက်ရှိပါတယ်။ မြို့နယ်ဥပဒေရုံး ၂၆ ရုံးကိုလည်း ဖွင့်လှစ်ခဲ့ပြီး ဥပဒေတာ၀န်ခံ ၁၃ ဦး၊ တွဲဘက်မြို့နယ် ဥပဒေတာ၀န်ခံ ၂ ဦး၊ ဒုတိယမြို့နယ်ဥပဒေတာ၀န်ခံ ၁၈ ဦး စုစုပေါင်း ၃၃ ဦးတို့ကို ခန့်အပ်တာ၀န်အပ်နှင်းခဲ့ပြီး ဖြစ်ပါတယ်။ အကျဥ်းထောင်များ တည်ဆောက်နိုင်ရေး၊ အကျဥ်းထောင် လုပ်ထုံး/လုပ်နည်း စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်နိုင်မှုတို့ကိုလည်း ဦးဆောင် ဆောင်ရွက် လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်အထိ မြို့နယ်တရားရုံးများမှ ရာဇ၀တ်မှု၊ တရားမမှုစုစုပေါင်း ၁၃၄၃ မှုကို ကိုင်တွယ်ခဲ့ပြီး အမှုပေါင်း ၈၃၇ မှုကို အမိန့်ချမှတ်ခဲ့ပါတယ်။ စစ်ကိုင်း၊မကွေးဖက်ဒရယ်ယူနစ်များတွင် စီရင်ပြီးအမှုများမှ ထောင်ကျအကျဥ်းသား (၂၃၃) ဦးနှင့် အချုပ်သား (၄၀၀) ကျော်ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း တရားစီရင်ရေးလုပ်ငန်းအတွက် အခွန်ဘဏ္ဍာငွေအရပ်ရပ်မှ ငွေကျပ် ၁၀၆,၄၈၃,၀၀၀ိ/- သုံးစွဲခဲ့ပြီး တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများအတွက် နိုင်ငံတကာ အကူ အညီများဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒါ့အပြင် တိုင်ကြားမှုများကို စိစစ်ဖော်ထုတ် အရေးယူနိုင်ရန်အတွက်လည်း ကြားကာလတိုင်ကြားစာ ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ ပြီး ၂၀၂၃ ခုနှစ်အတွင်း တိုင်ကြားမှုပေါင်း ၁၁၅ခုကို ကျောသားရင်သား မခွဲခြားဘဲ စစ်ဆေး အရေးယူ နိုင်ရေး စိစစ်ဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်မတို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးဟာ တော်လှန်ရေးကာလအတွင်း အထက်ပါ အဓိကကဏ္ဍကြီးများ အားကောင်းအောင်မြင်စွာလည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အား ထုတ်တဲ့အခါ တိုင်းဒေသဖက်ဒရယ်ယူနစ်များတွင်သာမက တိုင်းရင်းသားနယ်မြေများ၊ ပြည်နယ်များ တွင်ပါ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူတကွ ဘဏ္ဍာငွေများ၊ နည်းပညာ အတတ်ပညာပိုင်း များ ၀ေမျှကာ ဆောင်ရွက်လျက်ရှိသလို အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် ကဏ္ဍအလိုက် ပြင်ဆင်ရင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၏ စွမ်းဆောင်ရည်နှင့် အုပ်ချုပ်နိုင်စွမ်းတို့ကိုပါ တိုးမြင့် လာစေရန် ထည့်သွင်းစဥ်းစား ဖော်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရေး ဦးတည်ချက်ကို အမြဲနှလုံးသွင်းကာ တော်လှန်ရေးလွန်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရာဇ ၀တ်မှုများကို တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးနိုင်ရေး၊ Transitional Justice အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဥ်များအတွက် တိုင်း ရင်းသားဒေသများရှိ အတိုင်ပင်ခံကောင်စီ၊ အုပ်ချုပ်ရေးကောင်စီများနှင့်လည်း အကြိမ်ကြိမ်တွေ့ဆုံ ပြီး သက်ဆိုင်ရာဒေသန္တရအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေး စည်းမျဥ်းစည်းကမ်း များကို FDCဖက်ဒရယ်မူများနှင့်အညီ ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စု၀န်ကြီးချုပ်နှင့်တကွ အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ၊ ပြည်သူ့ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်ကြီးများ ရှင့်…

 ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ အစီရင်ခံချက်မှာ ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်နှစ်တစ်ခုဖြစ်ကြောင်း ကျွန်မတို့ တင်ပြခဲ့သလိုပဲ ယခုဆိုရင် စစ်ကောင်စီကျဆုံးမယ့်လမ်းဟာ စတင်ထင်ရှားလာနေပြီပဲ ဖြစ် ပါတယ်။  ကျွန်မတို့အနေနဲ့ ၃ နှစ်တာကာလမှာ စိန်ခေါ်မှုတွေ၊ ၀မ်းနည်းပူဆွေးဖွယ်ရာတွေ၊ စိုးရိမ်မှု တွေ၊ သံသယတွေ၊ အားမလို အားမရဖြစ်မှုတွေ ပြည့်နှက်နေခဲ့ကြပေမဲ့ စည်းလုံးခြင်းအားဖြင့်သာ အရာရာကို ကျော်ဖြတ်ရင်း အခုဆိုရင် အနာဂတ်မျှော်လင့်ချက်တွေဟာ အရာထင်လာခဲ့ရပြီ ဖြစ်ပါ တယ်။ နွေဦးတော်လှန်ရေးကြီးဟာ အောင်ပွဲကို ပိုမိုနီးကပ်လာနေပြီဖြစ်ပြီး နောက်ဆုံးထွက်သက်ကို ရောက်နေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ အစွမ်းကုန် နိမ့်ကျကြမ်းကြုတ်သည့် အသွင်သဏ္ဍာန်ကိုလည်း ပိုမို မြင်လာရနိုင်တာကို ကျွန်တော်တို့အားလုံး သတိပြုကြရမှာ ဖြစ်ပါတယ်။

 ဒါကြောင့် ဒီ ၂၀၂၄ ခုနှစ်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်စွာ ဖိနှိပ်သတ်ဖြတ်ခြင်း များမှ ပြည်သူများကင်းဝေးသက်သာစေအောင် ကျွန်မတို့အစိုးရက တော်လှန်ရေးအင်အားစုများ အသီးသီးနှင့် ပေါင်းစပ်ကာ ကြိုးစားအားထုတ်သွားမယ်ဆိုတာကို ကတိပြုပြောကြားလိုပါတယ်။ လူ ထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို အချိုးကျကျပေါင်းစပ်ကာ၊ အကြမ်းဖက်စစ်ကောင်စီကို ဘက် ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဆက်လက် ဖိအားပေးရင်း အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများမှာ အစိုးရလွှတ်တော်အပါအဝင်၊ လူထုကိုယ်စားပြု နိုင်ငံရေးပါတီများ၊ မြေပြင်ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲလျက် ၂၀၂၄ခုနှစ်မှာ စစ်ကောင်စီ အပြီးတိုင်ချုပ်ငြိမ်းပြီး ကျွန်မတို့ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ဒီမို ကရေစီပြည်ထောင်စုကြီးကို တည်ထောင်သွားမည် ဖြစ်ပါကြောင်း လေးစားစွာတင်ပြရင်း နိဂုံးချုပ်ပါတယ်။

အရေးတော်ပုံ မုချအောင်နေပါပြီ။

Scroll to Top