၁၉-၇-၂၀၂၄ ရက် (သောကြာနေ့)၊ မြန်မာစံတော်ချိန် နံနက် ၀၉:၃၀ နာရီ
ဒီကနေ့ကျင်းပတဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ လေးစားအပ်တဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကြီးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဆွေမျိုးများ၊ ဂုဏ်သရေရှိ နိုင်ငံ တကာ သံတမန်များနှင့် ဧည့်သည်တော်ကြီးများ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ နိုင်ငံ သူ/နိုင်ငံသားများအားလုံးကို လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဒီကနေ့အခမ်းအနားမှာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီရဲ့ကိုယ်စား အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူများခင်ဗျား–
အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရမှုနဲ့အတူ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားမိသားစုများက အခမ်းအနားမျိုးစုံကျင်းပဆင်နွှဲပြီး ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နိုင်ဖို့ကိုလည်း ကြိုးပမ်းနေကြတာကို မြင်တွေ့နေရတဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
ခေါင်းဆောင်ကြီးများရဲ့ တိကျပြတ်သားတဲ့ စိတ်ဓာတ်၊ ရဲရင့်တဲ့သတ္တိ၊ ကိုယ်ကျိုးကို မကြည့်ဘဲ စွန့်လွှတ်အနစ်နာခံမှုစတဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်တွေကို မျိုးဆက်သစ်များက လက်ဆင့် ကမ်း ရယူပြီး ကာလရှည်မျှော်မှန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရချိန် မတိုင်မီကာလတွေမှာ မိမိတို့ ခေါင်းဆောင်ကြီးများရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု၊ နားလည်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့မှုတွေကို အထင်သား မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မိမိတို့ ခေါင်းဆောင်ကြီးများ ထားရှိခဲ့တဲ့ ပြည်ထာင်စုရည်မှန်းချက်ကို သတိရခြင်းနှင့်အတူ ဒီကနေ့ နိုင်ငံအတွင်းမှာ ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ဘက်ပေါင်းစုံကနေ နိုင်ရာတာဝန်ကို ထမ်းဆောင် နေကြတဲ့ အင်အားစုအသီးသီးနဲ့ ပြည်သူများဟာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ရုန်းကန် တိုက်ပွဲဝင် နေကြတာကြောင့် အောင်မြင်မှုပန်းတိုင်ဟာ လက်တစ်ကမ်းအလိုကို ရောက်ရှိနေတာ မြင်တွေ့ နေရပါတယ်။
တက်ကြွတဲ့ လူငယ်မျိုးဆက်တွေ၊ ဖန်တီးမှုကောင်းတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် တွေ၊ အနာဂတ်မျိုးဆက်တွေကို လွတ်လပ်ဖွံ့ဖြိုးတည်ငြိမ်တဲ့ ပြည်ထောင်စုကြီးမှာ မှီတင်းနေထိုင်ခွင့် ရအောင် မုချတည်ဆောက်သွားနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။
နှစ်ပေါင်းများစွာ နိုင်ငံနဲ့ ပြည်သူကို လက်နက်အားကိုးနဲ့ ဖိနှိပ်ပြီး ပြည်သူ့ဆန္ဒမပါဘဲ အုပ်ချုပ်နိုင်ဖို့၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်၊ အခွင့်ထူးခံလူတန်းစားလို ပြည်သူအပေါ် ဂုတ်သွေးစုပ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့၊ ကြိုးစားနေကြတဲ့ စစ်မိစ္ဆာအာဏာရှင်များကို ဒေသ အသီးသီးမှာ ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ အင်အားအကောင်းဆုံး ဖိအားပေးနိုင်တဲ့ အချိန်ကာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တော်လှန်ရေးအချိန်တစ်ခုကို ဖြတ်သန်းပြီးတဲ့နောက်မှာ အင်အားစုများအကြား ပူးပေါင်း ဆောင်ရွက်မှု၊ နားလည်ယုံကြည်မှုတွေ ပိုမိုခိုင်မြဲလာခြင်းနဲ့အတူ ဒီအသီးအပွင့်တွေကိုလည်း ရရှိ ခံစားနေရပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အာဇာနည်ခေါင်းဆောင်ကြီးများဟာလည်း အခက်အခဲ တွေကြားကနေ ညီညွတ်ရေးကို တည်ဆောက်ရင်း တိုင်းပြည်ကို လွတ်လပ်ရေး ရယူနိုင်ခဲ့တာ ဖြစ်သလို မိမိတို့ တော်လှန်ရေးအင်အားစုများအနေနဲ့လည်း စိန်ခေါ်မှုတွေကြားကနေ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်ဖို့ ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။
လေးစားအပ်တဲ့ ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားပြည်သူများခင်ဗျား–
သမိုင်းတစ်လျှောက် ဒီလိုကြီးကြီးမားမား ခုံခံတွန်းလှန်စစ်တွေ၊ ဒီလိုမထင်မှတ်လောက် တဲ့ အောင်မြင်မှုတွေဟာ တိုင်းရင်းသားအင်အားစုအသီးသီး၊ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ တာဝန်ယူလိုစိတ်နဲ့ တာဝန်ကျေပွန်လိုစိတ်တွေနဲ့ ပါဝင်ဆောင်ရွက်နေကြတာကြောင့် ဖြစ်သလို ယုံကြည်ပံ့ပိုးပေးနေတဲ့၊ ထောက်ခံဝန်းရံနေတဲ့ ပြည်သူများရဲ့အင်အားကြောင့်လည်း ဖြစ်ပါတယ်။
တိုင်းပြည်ကို မိစ္ဆာစစ်တပ်လက်ထဲက ကယ်ထုတ်နိုင်ဖို့၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာရှိရှိ ရှင်သန်အသက်မွေးနိုင်ဖို့ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ကြပြီး ဖြစ်သလို ဒီကနေ့အချိန်အထိလည်း အသက်ပေးကြဖို့အထိ စွန့်လွှတ်ပေးဆပ်နေကြတဲ့ သူရဲကောင်းများစွာ ဟာလည်း အခက်အခဲ၊ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်ကျော်ရင်း တော်လှန်ရေးကြီးရဲ့ ကဏ္ဍ အသီးသီးမှာ ရှိနေပါတယ်။ ဒီကနေ့ အခမ်းအနားကနေ အားလုံးကို ဦးညွှတ်အလေးပြုပါတယ်။
ပြည်သူ့တော်လှန်ရေးကြီးဟာ ယခုဆိုလျှင် သုံးနှစ်ခွဲကာလကို ရောက်ရှိနေပြီး စိန်ခေါ်မှု တွေ များစွာ ရှိနေသေးသည်ဆိုသော်လည်း အဖက်ဖက်ကနေ မရှုမလှ ဝရုန်းသုန်းကား ဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့အခြေအနေကို သုံးသပ်ကြည့်ရင် မိမိတို့အင်အားစုတွေ လုပ်ဆောင်နိုင် ခဲ့တာတွေကို မြင်တွေ့နိုင်သလို လုပ်ရန်ရှိသည်များကိုလည်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြမှာ ဖြစ်ပါတယ်။
မိမိတို့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ စိတ်ဓာတ်ကိုကိုင်စွဲပြီး လူမဆန်တဲ့ အကြမ်းဖက်စစ်အာဏာရှင်များကို အပြီးအပြတ် တွန်းလှန်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို မျိုးဆက်သစ်များ အတွက် ကောင်းမွေအဖြစ် ချန်ထားခဲ့နိုင်ဖို့ တွဲလက်ညီညီ ဆက်လက်လျှောက်လှမ်းကြရမှာ ဖြစ်ပါ တယ်။
စစ်ကောင်စီရဲ့ တော်လှန်ရေးပုံဖျက်မှုတွေ၊ သပ်လျှိုသွေးခွဲမှုတွေကို နိုင်ငံရေးအသိ၊ သတိဖြင့် တော်လှန်ရေးအင်အားစုများနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အထူးဂရုပြုရင်း အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့၊ ယခု မိမိတို့အားလုံး ရည်မှန်းကြိုးပမ်းနေကြတဲ့ အေးချမ်းတဲ့ ပြည်ထောင်စုကြီးတည်ဆောက်သွားနိုင်ဖို့၊ ဒီတော်လှန်ရေးကြီးပြီးရင် ဝမ်းနည်းစရာ သမိုင်းနေ့စွဲတွေအစား တိုင်းပြည်အတွက်၊ လူမျိုးအတွက် ပျော်ရွှင်စရာ၊ ဂုဏ်ယူစရာ နေ့ထူးနေ့မြတ် တွေအဖြစ် နိုင်ငံ့သမိုင်းစာမျက်နှာမှာ ရေးထိုးနိုင်ကြဖို့ နိုင်ငံသားတိုင်းက ကျရာအခန်းကဏ္ဍအသီးသီး မှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ဆက်လက်ပါဝင်ကြဖို့ သမိုင်းမသေတဲ့ အာဇာနည်ကြီးများရဲ့ ဝိညာဉ်ကိုတိုင်တည်ပြီး သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။
အာဇာနည်ခေါင်းဆောင်များကို သတိရအောက်မေ့ခြင်းဖြင့် အလေးပြုအပ်ပါတယ်။
အရေးတော်ပုံ မုချအောင်ရမည်။


