၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခန့်အပ်ခြင်းအစီအစဉ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်များအား ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးထွန်းမြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့နောက် လူမှုရေးရာ၊ အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြား၍ ဒုတိယဝန်ကြီး ဒေါက်တာအချမ်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီး မင်းဇေယျာဦးက ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများက တင်ပြထားသည့် တစ်နှစ်စာဘတ်ဂျက်များကို စိစစ်ဆောင်ရွက်နေကြောင်း၊ မြေပြင်တွင် ဝန်ကြီးဌာန၏ ရုံးလုပ်ငန်းများ စနစ်တကျ လည်ပတ်ရန် ယန္တရားတစ်ခု အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့် ဆောင်ရွက်ကာ ပြည်ထောင်စုနှင့် သက်ဆိုင်ရာယူနစ်များ ကြားထဲတွင် အခွန်ခွဲဝေမှု၊ အခွန်ကောက်ခံမှု၊ သုံးစွဲမှုအပိုင်းများအား အသေးစိတ်တိုင်ပင်ညှိနှိုင်းနေကြောင်း၊ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံက အပ်နှံထားသည့် One billion ပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်နေပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး မင်းဇေယျာဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် အလုပ်သမားရေးရာကော်မတီက တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw






