မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုကော်မတီက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၂/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည် ဖော်ဆောင်မှု ကော်မတီမှ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၂၁ ခုနှစ်၊ သြဂုတ်လ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ကော်မတီ၏ ဖွဲ့စည်းမှု၊ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ၊ လုပ်ငန်းအဖွဲ့များတွင် (က) အသိပညာပေးခြင်းနှင့် စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့၊ (ခ) သတင်းအချက်အလက်စီမံခန့်ခွဲမှုအဖွဲ့၊ (ဂ) ဆက်သွယ်ပို့ဆောင်ရေး အထောက်အကူပြုအဖွဲ့၊ (ဃ) လူသားစာနာမှု အထောက်အကူပြုအဖွဲ့နှင့် (င) အတွေ့အကြုံဆောင်ရွက်ချက်များ မေးမြန်းရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ထောက်ပံ့မှုအခြေအနေတွင် လက်ရှိအချိန်ထိ စုစုပေါင်း မြန်မာကျပ်ငွေ (၁၉၂.၀၇၆) ဘီလီယံကျပ် ထောက်ပံ့ပေးမှုအပါအဝင် ကိုယ်ဝန်ဆောင်ထောက်ပံ့မှုနှင့် ကျန်းမာရေးရန်ပုံငွေထောက်ပံ့မှု စီစဥ်ဆောင်ရွက်မှုများ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ မတ်လအထိ ပြည်သူ့ရင်ခွင်သို့ တပ် CDM (၄,၂၂၃) ဦးနှင့် ရဲ CDM (၁၀,၈၀၃) ဦး၊ စုစုပေါင်း (၁၅,၀၂၆) ဦးတို့ ချိတ်ဆက်ဝင်ရောက်လာသည့် အခြေအနေများ၊ ရင်ဆိုင်ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့က လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးကြကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဥ် အကောင်အထည်ဖော်ဆောင်မှုကော်မတီမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top