မူလ / ပြည်သူ့ရေးရာကော်မတီနှင့် Enlightened Burma Social Science Institute တို့ ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာသင်တန်းများ ပို့ချဆွေးနွေး

ပြည်သူ့ရေးရာကော်မတီနှင့် Enlightened Burma Social Science Institute တို့ ပူးပေါင်း၍ လူ့အခွင့်အရေးဆိုင်ရာသင်တန်းများ ပို့ချဆွေးနွေး

CRPH ပြည်သူ့ရေးရာကော်မတီသည် Enlightened Burma Social Science Institute နှင့်အတူ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာသင်တန်း (Child Rights) နှင့် လူ့အခွင့်အရေးနှင့်နိုင်ငံရေးတို့အကြား အပြန်အလှန်ဆက်နွယ်မှုများသင်တန်း (Interactions Between Human Rights and Politics) တို့အား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် (၆) ရက်တာ ပို့ချ ဆွေးနွေးခဲ့သည်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာသင်တန်းတွင် လူ့အခွင့်အရေးအယူအဆ၊ သဘောတရားနှင့် အဓိပ္ပာယ်၊ လူ့အခွင့်အရေး၏ အခြေခံမူများနှင့် အနှစ်သာရများ၊ ကလေးသူငယ်အခွင့်အရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ် (Convention of the Rights of Child – CRC) နှင့် နောက်ဆက်တွဲစာချုပ်များပါ အချက်များအား လေ့လာ၍ ကလေးသူငယ်အခွင့်အရေးများ၏ အဓိကအုပ်စုကြီး (၄)ရပ် ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ဆိုင်ရာ အခွင့်အရေးများအား ချိတ်ဆက်ဆွေးနွေးခဲ့ကြပြီး အနာဂတ်ကာလတွင် အကောင်အထည် ဖော်ဆောင်နိုင်မှု နည်းလမ်းများအား မျှဝေခဲ့ကြသည်။

လူ့အခွင့်အရေးနှင့် နိုင်ငံရေးတို့အကြား အပြန်အလှန်ဆက်နွယ်မှုများ သင်တန်းတွင် လူ့အခွင့်အရေးများ၏ နိုင်ငံရေးဆန်မှု၊ လူ့အခွင့်အရေးလက်တွေ့ကျင့်သုံးမှုနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့်အစိုးရ၊ လူ့အခွင့်အရေးနှင့်တရားမျှတမှု၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှုများအား သမိုင်းကြောင်း အထောက်အထားများဖြင့် နှိုင်းယှဥ်လေ့လာခဲ့ကြပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရာတွင် “လူ့အခွင့်အရေး၏ ပင်ကိုသဘောအရ နိုင်ငံရေးဆန်၍ လူ့အခွင့်အရေးနှင့် နိုင်ငံရေးပြဿနာများကို သီးခြားစဥ်းစားမရဘဲ လူ့အခွင့်အရေး အပြည့်အဝရရှိရန် နိုင်ငံရေးရေခံမြေခံကောင်းရန် အဓိကလိုအပ်ကြောင်း” စသည့်အချက်အလက်များအား လေ့လာမှတ်သားခဲ့ကြပါသည်။

အဆိုပါသင်တန်းသို့ CRPH ၏ ပြည်သူ့ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြားရေးရာကော်မတီများမှ အဖွဲ့ဝင်များ တက်ရောက်လေ့လာဆွေးနွေးခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top