ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners−AAPP)နှင့်အတူ ချိတ်ဆက်ပူးပေါင်း၍ CDM ဝန်ထမ်းများအတွက် Mental Health ဆိုင်ရာ သင်တန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးလျက်ရှိသည်။
Mental Health ဆိုင်ရာသင်တန်းများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း (၈) ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ကာ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀) ခုအတွက် ရည်ရွယ်ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းကာလ (၃) ရက်ဖြင့် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ (၃) နာရီကြာ ပို့ချဆွေးနွေးခဲ့သည်။
အလားတူသင်တန်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ CDM ဝန်ထမ်းများ၊ ရဲဘော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိတ်ပိုင်းဆိုင်ရာဆန်းစစ်မှုများကို လေ့လာသိရှိစေရန်နှင့် တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခွန်အားတိုးပွားစေရန် ရည်ရွယ်လျက် လစဉ်ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်သည်။ သင်တန်းအပတ်စဉ်တိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ CDM (၃၀) ဦးခန့် တက်ရောက်လေ့လာခဲ့ကြသည်။
သင်တန်းတွင် သင်တန်းနည်းပြက စိတ်ကျန်းမာရေးပြဿနာအဆင့်များ၊ Stress Management နှင့် Self-Care ခေါင်းစဉ်များဖြင့် သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်ကျန်းမာအောင်နေထိုင်နည်းများ၊ စိတ်ကျန်းမာရေးအစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှုဖြစ်စေသည့် အကြောင်းအရင်းများ၊ အခြေအနေများ၊ လက္ခဏာများ၊ တုံ့ပြန်ပုံများနှင့် ကိုယ်တွယ်ဖြေရှင်းနည်းများကို လက်တွေ့သုံးသပ်လေ့ကျင့်ခဲ့ကြပြီး မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့်လည်း သင်တန်းသားများနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြပါသည်။
ပြည်သူ့ရေးရာကော်မတီအနေဖြင့် ပြည်သူလူထုနှင့်အတူ နွေဦးတော်လှန်ရေးခရီးလမ်းအား လက်တွဲညီစွာ လျှောက်လှမ်းလျက်ရှိသည်နှင့်အညီ ယခုကဲ့သို့ စိတ်ဓာတ်ခွန်အားပေး မျှဝေဆွေးနွေးပွဲများ၊ စိတ်ကျန်းမာရေးသင်တန်းများအား ဆက်လက်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများကို AAPP ၏ Facebook Page တွင်လည်း သွားရောက် လေ့လာနိုင်ပါသည်။
https://www.facebook.com/aappcounseling
The Committee Representing Pyidaungsu Hluttaw






