၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။
ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင် ဦးအာကာမျိုးထက် ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တာဝန်ပေးချက်အရ “မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက် ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ယနေ့မှာဆိုရင် တရားမဝင် အဓမ္မ စစ်အာဏာသိမ်းမှု (၅) နှစ်နီးပါး ပြည့်မည့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်အနေနဲ့ လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ဆထက်တိုးပြီး လုပ်ဆောင်နေသလို မြန်မာပြည်သူလူထုတရပ်လုံးကလည်း ၎င်းတို့ရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ ရဲစွမ်းသတ္တိကို ဒီကနေ့အထိ ပြသနေဆဲဖြစ်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အဦများနှင့် စစ်ဘေးရှောင် စခန်းများပါမကျန် ပစ်မှတ်ထား၍ လေကြောင်းဖြင့် တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ တိုးမြှင့် လုပ်ဆောင်နေသလို အကြောင်းပြချက်မရှိ ဥပဒေမဲ့ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခြင်းတို့ကို တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် ပြည်သူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ် လိုအပ်လျက် ရှိပါတယ်။ နေရပ်စွန့်ခွာသူများထဲတွင် ထိခိုက်အလွယ်ဆုံး အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများစွာလည်း ပါဝင်ပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ ယနေ့အချိန်ဟာ မိမိတို့ တော်လှန်ရေးအင်အားစုများအတွက် အခက်ခဲဆုံးကာလတစ်ခုဖြစ်သလို မတူညီသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သို့သော်လည်း လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီရေးတို့အတွက် ပြည်သူလူထုက ကျရာနေရာမှ မရပ်မနား ဆက်လက်ကြိုးပမ်းနေကြပြီး မိမိတို့လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်သူ့ကိုယ်စားလှယ်များပီပီ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည့် တော်လှန်ရေးတာဝန်များကို တော်လှန်အင်အားစုများနှင့်အတူ ကြိုးပမ်းထမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်မှာ မိမိတို့ လွှတ်တော်ကဏ္ဍအနေဖြင့် သံတမန်နည်းလမ်းများကတစ်ဆင့် နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုများ တိုးမြှင့်ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုများအတွက်လည်း စိတ်ခွန်အားပိုမိုတက်ကြွရသလို အဖက်ဖက်က ပါဝင်ကူညီပံ့ပိုးပေးကြသူများကိုလည်း ကျေးဇူးအထူးပင် တင်ရှိကြောင်း ပြောကြားလိုပါတယ်။
လေးစားအပ်ပါသော နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပပြီးစီးခဲ့သည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုကြောင်း ဆက်လက်ဆုံးဖြတ်ခဲ့မှုဟာ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှုတစ်ခုကိုသာ အသိအမှတ်ပြုခဲ့ခြင်းမဟုတ်ဘဲ မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် စိတ်ဓာတ်ခိုင်မာမှု၊ ဒီမိုကရေစီအင်အားစုတို့၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းပင် ဖြစ်ပါတယ်။
မကြာသေးမီကလည်း နယူးဇီလန်လွှတ်တော်၊ ဥရောပပါလီမန်တို့က ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းအားဖြင့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည့်အပြင် မြန်မာ့ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းမှုကိုလည်း ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ကိုယ်စားလှယ်များကလည်း မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများကို အရင်ထက်ပို၍ ပြုလုပ်လာခြင်းဟာ မိမိတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို များစွာ အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့အတူ ရပ်တည်ပြီး မတူညီတဲ့ ပုံစံများဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည့် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အဖွဲ့ဝင်လွှတ်တော်များ၊ ဥရောပပါလီမန်၊ နယူးဇီလန်လွှတ်တော်နှင့် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
အလားတူ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ မိတ်ဆွေကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR)၊ မိမိတို့ကို ကူညီပေးခဲ့ကြသည့် ကမ္ဘာတဝှမ်းက လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူလူထုအပေါ်၌ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေသလို ယနေ့အချိန်မှာ ၎င်းတို့၏ တရားမဝင်သည့် စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရရှိစေရန်အလို့ငှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ပြင်ဆင်နေပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ တရားဝင်မှုမရှိသလို မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လမ်းစလည်း မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီဖြစ်ပါတယ်။ ရာဇဝတ်ကောင် စစ်ဗိုလ်ချုပ်တွေက ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးထက် ပဋိပက္ခကို ပိုမိုဦးတည်စေနိုင်တယ်ဆိုတာကိုလည်း နိုင်ငံတကာ ပညာရှင်များ၊ ပြည်တွင်း တတ်သိပညာရှင်များက ရှင်းရှင်းလင်းလင်း ထောက်ပြထားခဲ့ပြီး ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာပြည်သူလူထုတစ်ရပ်လုံး ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုတွေ ကြီးထွားလာနေတဲ့ ဆင်းရဲမွဲတေမှု၊ အထွေထွေ ကုန်စျေးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ နယ်စပ်တကြောက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ စစ်ဗိုလ်ချုပ်တွေ အတိုင်းအတာတစ်ခုအထိ အာဏာထိန်းချုပ်နေနိုင်ခြင်းကြောင့် ဖြစ်နေတယ်ဆိုတာ သိသာပေါ်လွင်လှပါတယ်။ မြန်မာပြည်၏ ငြိမ်းချမ်းရေး၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့ပြည်သူများ၏ လုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေသည့် မြန်မာနိုင်ငံက စစ်အာဏာရှင်များကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်းဟာ မြန်မာ့ပြည်သူများအတွက်သာမက ကမ္ဘာ့ပြည်သူများအတွက်လည်း ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုကို ယူဆောင်လာပေးနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ညီညီညွတ်ညွတ် အသိအမှတ်မပြုရန် လိုအပ်ပြီး ရာဇဝတ်သားစစ်အာဏာရှင်များကို ပိုမိုပြင်းထန်တဲ့ အရေးယူဆောင်ရွက်ပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။
လေးစားအပ်ပါသော နာယကကြီးခင်ဗျာ။ မြန်မာ့အရေးကို ကူညီဖြေရှင်းရန် ကြိုးစားရာမှာ မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး၊ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးအတွက်သာ ထိထိရောက်ရောက် ပံ့ပိုးကူညီပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မိမိတို့က ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်မှန်သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများကို ယခင်ထက် ပိုမိုပံ့ပိုး ကူညီပေးရန် ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကနေတစ်ဆင့် လေးလေးနက်နက် တိုက်တွန်းအပ်ပါတယ်။
လေးစားအပ်တဲ့ နာယကကြီးခင်ဗျာ။ မြန်မာ့အရေးဖြေရှင်းမှုမှာ နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုဟာ ကဏ္ဍတစ်ခုကနေ အရေးကြီးသလို မှန်ကန်တဲ့ ပံ့ပိုးကူညီမှု၊ ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုပေးရန် ဆက်လက်လိုနေပါသဖြင့် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်များ၊ အဖွဲ့အစည်းများအား လွှတ်တော်ကနေ ဆက်လက်တိုက်တွန်းရန် လိုအပ်သည်ဟု သုံးသပ်ရှုမြင်ပါသဖြင့် “မြန်မာနိုင်ငံ၌ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ဆက်လက် ပံ့ပိုးကူညီပေးရန်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်ကြိုးပမ်းနေကြသော အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းကြောင်း” အဆိုအား တင်သွင်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


