၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်
ယနေ့ အဋ္ဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက် လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူ့ကိုယ်စားပြု အဖွဲ့ အစည်းများ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ စိန်ခေါ်မှုတွေများပြီး ခက်ခဲတဲ့ကာလတွေကို စိတ်ခွန်အားအပြည့်နဲ့ အောင်မြင်စွာ ကျော်ဖြတ် နိုင်ကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျာ –
ဒီနေ့လို အရေးကြီးတဲ့ အချိန်အခါမျိုးမှာ ပြည်သူလူထုက သူတို့ရဲ့ ကိုယ်စားပြုမှုကို တရားဝင်ပေးအပ်ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးက ယခုကဲ့သို့ လွှတ်တော်အစည်းအဝေး ကို ကျင်းပနိုင်တာဟာ အလွန်ပင်ဂုဏ်ယူစရာကောင်းကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်များဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ကို စတင်ဖွဲ့စည်းပြီးချိန်ကစလို့ ပြည်သူလူထုက တရားဝင်ပေးအပ် ထားတဲ့ ကိုယ်စားပြုမှုနဲ့အတူ ဒီတော်လှန်ရေးကြီးမှာ နေရာစုံ၊ ကဏ္ဍစုံမှ တော်လှန်ရေး အင်အားစုအသီးသီးနဲ့ အတူတကွပူးပေါင်းတိုက်ပွဲဝင်လာကြပြီး ယနေ့အချိန်အထိ နောက်မဆုတ် စတမ်း ကြိုးပမ်းဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် Covid ကာလကြီးမှာ ခက်ခက်ခဲခဲ နဲ့ မဲပေးရွေးချယ်ခဲ့ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ကျေနပ်အားရနေမယ်လို့ ယုံကြည်ပါတယ်။
၂၀၂၅ ခုနှစ်ဟာ ကျွန်တော်တို့ ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးရဲ့ စိန်ခေါ်မှုတွေ အများဆုံးဖြစ်နေတဲ့၊ အရှိန်မြင့်နေတဲ့ ကာလတခုကို ရောက်ရှိဖြတ်သန်းနေရတာ ဖြစ်ပြီး စစ်ရေးကဏ္ဍဘက်မှ အရှိန်အဟုန်တွေက ပြင်းထန်သလို နိုင်ငံရေးကဏ္ဍဘက်မှာလည်း ပိုမို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ဆွေးနွေးဆုံးဖြတ်ကြရမယ့်အရာတွေ အများကြီး ကြုံတွေ့ လာကြရတယ်ဆိုတာ ကိုယ်စားလှယ်တော်ကြီးများအားလုံးလည်း သိရှိပြီးဖြစ်မယ်လို့ ယုံကြည် ပါတယ်။ ဒီလို လှိုင်းကြမ်းလေထန်ကာလမျိုးမှာ ကျွန်တော်တို့အားလုံးဟာ ၅ နှစ်နီးပါးကာလ အတွင်း ပြည်သူကို ပေးခဲ့တဲ့ ကတိတွေအတိုင်း တော်လှန်ရေးရဲ့ ဦးတည်ချက်၊ ရည်မှန်းချက် များကို မယိမ်းမယိုင်နဲ့ လက်ချင်းချိတ်ပြီး ရှေ့ခရီးကို အတူဆက်လှမ်းကြရမယ့်အချိန်ပဲ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ အမြဲတမ်းသဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန်သဘော တရားပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင်၊ သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီးစတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေးဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက်ပိုပြီး တာဝန်ကြီးတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေ ဖြစ် တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလိုအကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံးဦးတည်ချက်က အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံး ဒီထက်ပိုမိုစုစည်းပြီး ပိုမိုအလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ –
လက်ရှိအချိန်ကာလဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့အချိန်ဖြစ်တာကြောင့် ကျွန်တော် တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပုံမှန်ကာလအစိုးရတစ်ရပ်ပုံစံမျိုး အပြည့်အဝ စီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းမှု၊ လူ့စွမ်းအား အရင်းအမြစ် မပြည့်စုံမှုတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံးအနေအထားတစ်ခု ဖြစ်အောင် ကြိုးပမ်းနေရသလို ပြည်ထောင်စုလွှတ်တော်ကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ပုံမှန်ကာလ လုပ်ဆောင်ကြရမယ့် လွှတ်တော်ဆိုင်ရာတာဝန်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲပေမယ့် တော်လှန်ရေးကာလအတွက် ဆောင်ရွက်ရတဲ့ လွှတ်တော်အဖြစ် ဒီမိုကရေစီအလေ့အထ၊ စံချိန်စံညွှန်းတွေကို ထိန်းသိမ်းပြီး ပြည်သူ့ဆန္ဒတွေ ကို ထင်ဟပ်မိအောင် ဘက်ပေါင်းစုံက မလစ်ဟင်းစေရန် ကြိုးပမ်းဆောင်ရွက်နေရတာကို မြင်တွေ့ရတဲ့အတွက်လည်း အထူးပဲ ဂုဏ်ယူမိပါတယ်။
ဒီနှစ်အတွင်းမှာဆိုရင် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန် စတဲ့ လွှတ်တော်အသီးသီး မှာလည်း ကြားကာလအခြေခံဥပဒေ၊ ကြားကာလအစီအမံ စသဖြင့် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ဖက်ဒရယ်ယူနစ်အစိုးရအသီးသီး ပေါ်ပေါက်လာနိုင်ဖို့ အားထုတ်ကြိုးပမ်းမှုကို မြင်တွေ့ရတာ ဟာ ဆိုရင်လည်း ကျွန်တော်တို့တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို ခံစားနေရပြီလို့ ထင်မှတ် မိပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက် အကောင်းဆုံး အခြေခံအုတ်မြစ်တွေအနေနဲ့ ဖြစ်တည်နေပြီဆိုတာကိုလည်း ရဲရဲဝံ့ဝံ့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း ပေါ်ပေါက်လာနေပြီဖြစ်တဲ့၊ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေဆဲ ဖြစ်တဲ့ ဖက်ဒရယ်ယူနစ်များမှ လွှတ်တော်များအပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံတိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါကြောင်းလည်း ကိုယ်စားလှယ်တော်ကြီးများကို လေးစားစွာ တင်ပြလိုပါတယ်။
ဖက်ဒရယ်ယူနစ်အစိုးရများ ပေါ်ပေါက်လာချိန်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်း လေးလေးနက်နက် ကတိ ပြုလိုပါတယ်။ အုပ်ချုပ်ရေး၊ စစ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ဖက်ဒရယ်ယူနစ်အစိုးရများ ပူးပေါင်းအကောင်အထည်ဖော်ချိန်မှာ ရွေးကောက်ပွဲခံ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူ့ဆန္ဒနဲ့အညီ မိမိတို့ဒေသအကျိုးအတွက် ပူးပေါင်းပါဝင် ပံ့ပိုးကူညီမှုတွေဟာလည်း အင်မတန် အရေးတကြီး လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ကြရာမှာ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ မိမိတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲက ရရှိတဲ့ လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲမဟုတ်တဲ့ အခြား နည်းလမ်းတွေကနေ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ စုစည်းပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ဖော်ဆောင် နေရတဲ့ လက်ရှိ တော်လှန်ရေးရဲ့ အရှိတရားကို မျက်ခြေမပြတ်ဘဲ ဆောင်ရွက်နိုင်ကြလိမ့်မယ် လို့လည်း ယုံကြည်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တော်လှန်ရေးရဲ့ အခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှာ တရားရေးဝန်ကြီးဌာနကို ဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတရားဥပဒေစိုးမိုးရေး ကဏ္ဍအတွက်လည်း တရားရေးမဏ္ဍိုင်သီးသန့်မရှိခင် တော်လှန်ရေးကာလမှာ လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုလည်း အလေးထား ပူးပေါင်း ကူညီပေးကြဖို့လည်း လေးစားစွာတိုက်တွန်းလိုပါတယ်။
လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ –
အကြမ်းဖက်စစ်တပ်ဟာ လက်ရှိအချိန်မှာ တရားဝင်မှုလည်းမရှိ၊ မြေပြင်စိုးမိုးထိန်းချုပ် နိုင်မှုတွေလည်း တစ်စတစ်စ လျော့နည်းလာနေပေမယ့် တရားမဝင် အတုအယောင် ရွေးကောက် ပွဲတစ်ခုကို လိမ်ညာလှည့်စားမှုတွေများစွာနဲ့ ပြုလုပ်ဖို့ လုံးပန်းနေတာကို တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို လက်မခံခြင်းဟာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခွင့်ရှိတဲ့ ရွေးကောက်ပွဲဆိုတဲ့ ဖြစ်စဉ်ကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ မိမိတို့မှာ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြသခဲ့ပြီးသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်တစ်ခု တည်ရှိပြီးဖြစ်ကာ အဆိုပါ ပြည်သူ့ ဆန္ဒကို စစ်အာဏာရှင်တစ်စုက လက်နက်အားကိုးပြီး မတရားချေဖျက်ရန် ကြိုးပမ်းနေခြင်း ကြောင့်သာ လက်မခံကြခြင်းဖြစ်ကြောင်းကို နည်းလမ်းပေါင်းစုံနဲ့ ပြသကြဖို့ လိုအပ်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ၂၀၂၀ ရွေးကောက် ပွဲ ရလဒ်ကနေတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီများနဲ့ ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ တည်ရှိမှုနဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်မှ အရေးကြီးတယ်လို့ ကျွန်တော်တို့ခံယူပါတယ်။
အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လက်ရှိတော်လှန်ရေး အရှိန်အမြင့်ဆုံးကာလမှာ ပြည်သူ့ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ပြည်သူကို ဆက်လက်ထိတွေ့ကာ ပြည်သူ့အသံများကို ဆက်လက်နားထောင်ပြီး ပြည်သူ့ဆန္ဒကို ပိုသိရအောင် ကြိုးစားလျက် တော်လှန်ရေးရဲ့ ဖြစ်တည် တိုးတက်မှုတွေဟာ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုး မဖြစ်စေအောင် ကြိုးစားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုလည်း ဒီမိုကရေစီ စံချိန်စံနှုန်းများ၊ မူနဲ့ အုပ်ချုပ်တဲ့စနစ်တွေ ဖြစ်စေဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ယခုစတင်နေပြီဖြစ်တဲ့ ပြုပြင် ပြောင်းလဲရေးအဆင့်ဆင့်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တော်လှန်ရေး လျင်မြန်စွာ အောင်မြင် နိုင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက် သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ်။ တော်လှန်ပြည်သူ တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့နဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု အောက်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး ခက်ခက်ခဲခဲရှင်သန်နေကြရတဲ့ ပြည်သူတွေ အတွက် လုပ်နိုင်စွမ်းအားရှိသမျှ ကြိုးစားရင်း စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်ပြီးနောက် တည်ဆောက်သွားရမယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက်လည်း ယခုကာလ ကတည်းက ပြင်ဆင်မှုတွေ၊ တိုင်ပင်ဆွေးနွေးမှုတွေကို အဆက်မပြတ် လုပ်ဆောင်ရင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးစားစွာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။


