၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို မကြာသေးခင်ရက်က အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ကိုယ်စားလှယ်များက ကျင်းပခဲ့မှုအပေါ် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုဆိုပါသည်။
ယခုကွန်ဂရက်ကြားနာပွဲမှတစ်ဆင့် အမေရိကန်အစိုးရသို့ တိုက်တွန်းမှုများသည် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း အမေရိကန်ကွန်ဂရက်က ထိရောက်သော ဆောင်ရွက်ချက်များကို ချမှတ်သွားလိမ့်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
အဆိုပါ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ၏ လုံခြုံမှုနှင့် နိုင်ငံအများအပြား၏ အမျိုးသားအကျိုးစီးပွားကို ကြီးမားစွာ ထိခိုက်နေလျက်ရှိသည်ကို မိမိတို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်များက အစဉ်တစိုက် အသိပေးတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုတိုက်တွန်းခဲ့ပါသည်။ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူလူထု၏ လုံခြုံမှုအား ဆိုးဆိုးရွားရွား ထိခိုက်နေသည့်အတွက် ပြီးခဲ့သည့် (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံက ချမှတ်အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်Parliamentary action against transnational organized crime, cybercrime and hybrid threats to democracy and human securityကို သက်ဆိုင်ရာ အစိုးရများက အကောင်အထည်ဖော်ရေးအတွက် ဆက်လက်ကြိုးပမ်းကြရန်လည်း နိုင်ငံတကာပါလီမန်များအဖွဲ့၏ အဖွဲ့ဝင်လွှတ်တော်များကို ထပ်မံတိုက်တွန်းပါသည်။
မြန်မာနိုင်ငံအတွင်းရှိ အဆိုပါအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများသည် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့အစည်းများက ခွင့်ပြုကြခြင်းဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိနေသည်ကိုလည်း အရင်းအမြစ်များစွာက ဖော်ပြနေပါသည်။ စစ်ဗိုလ်ချုပ်များ အာဏာတည်မြဲနေသရွေ့ ယင်းလုပ်ငန်းများသည်လည်း ဆက်လက်ရှင်သန် ကြီးထွားနေမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက အဆိုပါငွေလိမ်မှုလုပ်ငန်းများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်ဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်သည်ကိုလည်း သတိပြုစေလိုပါသည်။
နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် မိမိတို့နှင့် အမေရိကန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံမှုနောက် စီစဉ်ကျင်းပသည့် ကြားနာမှု တစ်ရပ်ဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများအကြောင်းလည်း မျှဝေဆွေးနွေးခဲ့ပြီး မိမိတို့၏ တင်ပြချက်များကို အလေးအနက်ထား၍ ယခုကြားနာမှုတွင် ထည့်သွင်းပြောဆိုခဲ့မှုအတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။ ယခုကြားနာမှုသည် မြန်မာပြည်သူများ၏ အသံကို များစွာ ထင်ဟပ်ခဲ့ပြီး ယခုထက် ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကိုလည်း အမေရိကန်အစိုးရနှင့် လွှတ်တော်တို့ထံမှ မျှော်လင့်လျက်ရှိသည်ကိုလည်း ဖော်ပြလိုပါသည်။
အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို ချုပ်ကိုင်နိုင်နေခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကိုသာ ထိခိုက်နေသည်သာမက ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများနှင့် နိုင်ငံများ၏ အကျိုးစီးပွား၊ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်နှင့် စစ်ဗိုလ်ချုပ်များ၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်နိုင်ရေး မိမိတို့နှင့် လက်တွဲလုပ်ဆောင်ကြရန် နိုင်ငံတကာအသိုက်အဝန်းအား လေးလေးနက်နက် ထပ်လောင်းတိုက်တွန်းအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ






