မူလ / အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေမှုအပေါ် သတင်းထုတ်ပြန်ချက်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လုပ်ဆောင်နေမှုအပေါ် သတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့် ဥပဒေမဲ့သိမ်းယူရန် ကြိုးပမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာရောဂါဝေဒနာ အပြင်းအထန်ခံစားနေရသူဖြစ်သော်လည်း အကျဉ်းထောင်အတွင်း သင့်တင့်သော နေထိုင်မှုနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခဲ့ခြင်းကြောင့် မကြာသေးမီက သေဆုံးခဲ့ပါသည်။ ယင်းကဲ့သို့ လုပ်ရပ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ အကျဉ်းချခံထားရသည့်လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဆိုးရွားစွာ ပြုမူဆက်ဆံမှု (ill-treatment) အထောက်အထားဖြစ်ပြီး မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယင်းလူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ကျွန်ုပ်တို့သည် ကျန်ရှိနေသေးသည့် ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်လျက်ရှိပါသည်။

ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ အခြားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးသည်လည်း ထောင်တွင်း၌ ဆေးကုသခွင့်မရှိသဖြင့် သေဆုံးခဲ့ရသည်။ ထို့အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးအချက်အလက်များအရ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြောင်းပြချက်မရှိ ဖမ်းဆီးနေမှုများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၈) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့သည်။ အခြားသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည်လည်း ပြည်တွင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နိုင်ငံရပ်ခြားသို့ တိမ်းရှောင်နေရဆဲ ဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ ဖြစ်ကြသည့် ဦးရည်မွန် (ခ) ဦးတင်သစ်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်နှင့် ဒေါ်ဖြူဖြူသင်းတို့ကို နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစ၍ ပြည်ထောင်စုအဆင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၈၉) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုရာပုဒ်မတပ်၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ လွှတ်တော်ကိုယ်စားလှယ်များသည် မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်မရခြင်း၊ လျှို့ဝှက်နေရာများသို့ ပို့ဆောင်ထားရှိခံရခြင်း၊ လုံလောက်သော ဆေးကုသခွင့်မရခြင်းတို့ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုဝင်များထံမှ သိရှိရပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေး ကော်မတီက ကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအချိန်အထိ ပြည်ထောင်စုအဆင့်လွှတ်တော် ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်‌ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top