ကုလသမဂ္ဂနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့တို့အကြား ပြုလုပ်သည့် အစည်းအဝေးကာလအတွင်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၊ ဒေသစံတော်ချိန် ၁၄၀၀ နာရီအချိန်တွင် နယူးယောက်မြို့ရှိ နိုင်ငံတကာပါလီမန်များအဖွဲ့ရုံး၌ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-Parliamentary Union –IPU) အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာမာတင်ချောင်ဂေါင်အား သွားရောက်တွေ့ဆုံခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်း ပြောကြားခဲ့ပြီး ဒီမိုကရေစီကို ကာကွယ်ခြင်းနှင့် တည်တံ့ခိုင်မာရေးအတွက် လွှတ်တော်များသည် အရေးကြီးသော ကဏ္ဍများတွင် ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။
ယင်းအစည်းအဝေးတွင် “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ ဖွဲ့စည်းပေါ်ပေါက်လာပုံ၊ CRPH ၏ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းသို့ အကောင်အထည်ဖော်ဆောင်နေမှု အခြေအနေများနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့၏ အခန်းကဏ္ဍများ၊ IPU က စနစ်တကျ စောင့်ကြည့်လျက်ရှိသည့် မြန်မာနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များအပေါ်၌ အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ” နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကုလသမဂ္ဂဆိုင်ရာ IPU အမြဲတမ်းလေ့လာသူ Ms. Paddy Torsney တို့လည်း တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်းများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ ကနေဒါအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး H.E. Mr. Robert Rae နှင့် တွေ့ဆုံရာတွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေးကြိုးပမ်းမှုတွင် ကနေဒါနိုင်ငံ၏ ကူညီဆောင်ရွက်ပေးနေမှုများအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် ဆက်လက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း” ပြောကြားခဲ့သည်။ အကြမ်းဖက် စစ်တပ်၏ လူမဆန်သော လုပ်ရပ်များ၊ စစ်တပ်က ဖျက်ဆီးမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ် လိုအပ်နေမှုများ၊ ယင်းသို့ မြန်မာပြည်သူများ ခံစားနေရမှုအား လျော့ကျစေရေး နိုင်ငံတကာက ကူညီဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများအပေါ် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထို့ပြင် ရင်းနှီးသော ဆက်ဆံရေးအား ထိန်းသိမ်းသွားရန်နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုတို့ ပိုမိုပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် International IDEA အဖွဲ့အစည်းက တည်ခင်းသည့် မိတ်ဆုံစားပွဲ (Reception) သို့ တက်ရောက်ခဲ့သည်။ ယင်းမိတ်ဆုံစားပွဲတွင် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူးချုပ်၊ အမြဲတမ်းကိုယ်စားလှယ်များ၊ သံတမန်များနှင့် International IDEA မှ တာဝန်ရှိသူများနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို အပြန်အလှန်ဆွေးနွေးဖလှယ်မှုတို့ ပြုလုပ်ခဲ့သည်။ International IDEA အဖွဲ့အစည်းသည် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းလေ့လာသူ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးတို့ ပြန်လည်ရရှိရေး ခိုင်ခိုင်မာမာ ကူညီပံ့ပိုးနေသည့် အဖွဲ့အစည်းဖြစ်သည်။ International IDEA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Marcus Brand က ကုလသမဂ္ဂညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် မြန်မာ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အရေးကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
၂၂-၆-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌသည် ကုလသမဂ္ဂဆိုင်ရာ နော်ဝေနိုင်ငံအမြဲတမ်းမစ်ရှင်၏ အတိုင်ပင်ခံ Mr. Einar Rystad နှင့် လုံခြုံရေးကောင်စီနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စရပ်များဆိုင်ရာ မူဝါဒအကြံပေး Ms. Ingrid Erno တို့နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် “ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နော်ဝေးနိုင်ငံ၏ ကူညီပေးနေမှုများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစေရေး၊ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုများ စည်းလုံးညီညွတ်မှုနှင့် အခန်းကဏ္ဍ၊ နယ်စပ်ဒေသရှိ ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေမှု” တို့အပေါ် အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြသည်။
မြန်မာလွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၏ နယူးယောက်ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီအတွက် အခက်အခဲများကို သိမြင်နိုင်မှု တိုးမြှင့်ပေးနိုင်ခြင်း၊ မြန်မာ့ တရားဝင် ရွေးကောက်ခံအဖွဲ့အစည်းများ၏ သဘောထားများကို နိုင်ငံတကာအသိုက်အဝန်းက ကောင်းစွာ သိရှိနားလည်စေခြင်း၊ အနာဂတ်တွင် အဓိက မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွ ပိုမိုလက်တွဲလုပ်ဆောင်သွားရန် သဘောတူညီမှုတို့ကို ရရှိခဲ့သည့် အကျိုးဖြစ်ထွန်းသော ခရီးစဉ်တစ်ခုဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ




