မူလ / သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်

အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ တရားမဝင် ရယူထားသည့် အာဏာအား ဆက်လက်ချုပ်ကိုင်ထားနိုင်ရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိတိုင် အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းခြင်း၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းစေခိုင်းခြင်း၊ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေစေနိုင်လောက်အောင် ညှင်းပန်းနှိပ်စက်ခြင်း၊ လုံလောက်သော ဆေးကုသခွင့်မပေးခြင်း၊ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို စနစ်တကျ လုပ်ဆောင်နေဆဲဖြစ်ပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ၂၅-၈-၂၀၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၈,၃၀၀) ကျော် သေဆုံးခဲ့ရပြီး (၁၄,၇၀၀) ကျော်သည် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားစွာ ပြုမူဆက်ဆံခြင်းနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) ဦးသည် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးခဲ့ရပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

ယနေ့ထိတိုင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၃၃) ဦးသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နောက်ဆုံးကောက်ယူထားသည့်အချက်အလက်များအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၂) ဦးတို့သည် ၂၀၂၆ ခုနှစ်အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် များစွာသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် မိသားစုဝင်များသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးသတ်ဖြတ်မှုအန္တရာယ်ကြောင့် ပြည်တွင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် အခြားသောနိုင်ငံများသို့ တိမ်းရှောင်နေရဆဲ ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ‌ရွေးကောက်တင်မြှောက်ထားသည့် မိမိတို့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ယင်းကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုများ၊ ခြိမ်းခြောက်မှုများကြားမှပင် အုပ်ချုပ်ရေးယန္တရားများ၊ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၏ တာဝန်များကို ထမ်းဆောင်နေဆဲဖြစ်ပါသည်။ ထို့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား အားလုံးပါဝင်မှုဖြင့် တည်ဆောက်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှတစ်ဆင့် အင်အားစုအသီးသီးနှင့် လက်တွဲဆောင်ရွက်လျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၂၁၆) ကြိမ်မြောက် အမှုဆောင်ကောင်စီအစည်းအဝေး၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်ရပ်တည်ပေးရန်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းပေးရန်၊ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကြိုးပမ်းချက်များအပေါ် ပံ့ပိုးကူညီပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များကို ထပ်လောင်းတောင်းဆိုပါသည်။

မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၏ တရားဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ကလည်း မိမိတို့အား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် အသိအမှတ်ပြုထားပါသည်။

ထို့ကြောင့် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုများ အဆုံးသတ်နိုင်ရေး၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ထိရောက်ပြီး လက်တွေ့ကျသော အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် တောင်းဆိုပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Scroll to Top