၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၄/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင် ဦးနေမျိုး က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဦးဌေးငွေတို့က သင်တန်းရေးရာများနှင့်ပတ်သက်၍ အုပ်ချုပ်ရေးသင်တန်းများဖွင့်လှစ်ခြင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ တနင်္သာရီတွင် ပ.လ.ဖ သင်တန်းများ ပြုလုပ်ခြင်း၊ Horizontal Learning Workshop များ ပြုလုပ်ခြင်း၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား Update ပြုလုပ်ခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန လုပ်ငန်းများ၊ ပြည်ထောင်စုစိစစ်ရေးဂိတ်များ ဖွင့်လှစ်နိုင်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်အတိုင်း အကောင်အထည်ဖော်နိုင်ရေး မြေပြင်လုပ်ငန်းအဖွဲ့များ ကွင်းဆင်းဆောင်ရွက်ခြင်း၊ DOC နှင့်ပတ်သက်၍ စစ်ကိုင်းယူနစ်၊ မကွေးယူနစ်တို့၏ ပ.လ.ဖ၊ ပ.အ.ဖ များကို စနစ်တကျ လွှဲပြောင်းပေးခြင်းလုပ်ငန်းစဉ်များအား တင်ပြပေးခဲ့ပြီး ဝန်ကြီးဌာန၏ စိန်ခေါ်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီက တင်ပြဆွေးနွေးကာ အစည်းအဝေးကို ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



