မူလ / ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄၁/၂၀၂၆) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦး က အမျိုးသားညီညွတ်ရေးအစိုးရ၏ အခွန်ယန္တရားအား ၂၀၂၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့်မူဝါဒနှင့်အညီ ဆောင်ရွက်နေခြင်း၊ ပြည်ထောင်စုနှင့်ဖက်ဒရယ်ယူနစ်များအကြား အခွန်မူဝါဒအရ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးတို့တွင် ခွဲဝေသုံးစွဲခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်အခြေအနေများနှင့် သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ က ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top