၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်
အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရထံမှ နိုင်ငံတော်၏ အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သိမ်းယူခဲ့သည့်အပြင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအပေါ်၌ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ စနစ်တကျ ကျူးလွန်လုပ်ဆောင်ခဲ့ပါသည်။
အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းခြင်း၊ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် သေစေနိုင်အောင် ညှင်းပန်းနှိပ်စက်ခြင်း၊ လုံလောက်သော ဆေးကုသခွင့်မပေးခြင်း၊ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယနေ့ထိတိုင် စနစ်တကျ လုပ်ဆောင်လျက်ရှိပါသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြင်ဦးလွင်မြို့၌ တိမ်းရှောင်နေစဉ် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် လွန်ခဲ့သော လအနည်းငယ်ကတည်းက စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ကြောင်း ခိုင်မာသော သတင်းအရင်းအမြစ်မှတစ်ဆင့် ကြားသိရပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးစခန်းတွင် ကွယ်လွန်သွားခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပြီး ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အပြည့်အဝ တာဝန်ရှိသည့် အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချသည်။
တစ်ချိန်တည်းတွင် မိမိတို့အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအတွက်လည်း များစွာ စိုးရိမ်ပူပန်လျက်ရှိပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခြင်း၊ ဆိုးရွားစွာ ပြုမူဆက်ဆံခြင်းနှင့် လုံလောက်သော ဆေးကုသခွင့်မရရှိခြင်းတို့ကြောင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၃) ဦးသည်လည်း ထောင်တွင်း၌ပင် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
နောက်ဆုံးကောက်ယူထားသည့်အချက်အလက်များအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးတို့သည် လုံလောက်သော ဆေးကုသမှုမရရှိသဖြင့် သေဆုံးခဲ့ပါသည်။ အခြားသော များစွာသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် အခြားနေရာဒေသများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အခြားသော နိုင်ငံများသို့ တိမ်းရှောင်နေရဆဲ ဖြစ်ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ခံထားရပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီက ကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအချိန်အထိ အာဏာသိမ်းစစ်ကောင်စီသည် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးအား ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅၀) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များညီလာခံ၌ အမှုဆောင်ကော်မတီက ဆုံးဖြတ်ခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ၏ မြန်မာ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အပေါ် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းဖော်ပြပါသည်။ ယင်းဆုံးဖြတ်ချက်သည် အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်မျာအပေါ် မည်မျှအကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြောင်ပြောင်တင်းတင်း ကျူးလွန်လုပ်ဆောင်နေသည်ကို ကမ္ဘာတစ်ဝှမ်းက သိမြင်စေပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ကမ္ဘာတစ်ဝှမ်းမှ လွှတ်တော်အသိုက်အဝန်း၏ ကြိုးပမ်းပေးနေမှုကိုလည်း ဖော်ပြခြင်း ဖြစ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအပေါ်၌ ကျူးလွန်နေသည့် ညှင်းပန်းနှိပ်စက်မှုများ၊ လက်စလက်န ဖျောက်ရန် လုပ်ဆောင်နေမှုများနှင့် တရားလက်လွန် သတ်ဖြတ်နေမှုများကို အဆုံးသတ်နိုင်ရေး၊ ဖမ်းဆီးခံထားရသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနှင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အမြန်ဆုံး လွတ်မြောက်နိုင်ရေး၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အမြန်ဆုံးပြန်လည်ရရှိနိုင်ရေးအတွက် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ပြည့်နှစ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆက်လက်ရပ်တည်ပေးရန်နှင့် ပံ့ပိုးကူညီပေးရန် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် အဖွဲ့ဝင်နိုင်ငံများကို ထပ်လောင်း တောင်းဆိုပါသည်။
အလားတူ အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်ကျူးလွန်လုပ်ဆောင်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ တရားမဝင် အာဏာသိမ်းမှုကြောင့် ပျက်စီးသွားသည့် တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း ထပ်လောင်း တောင်းဆိုအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ



