မူလ / သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၅-၁၀-၂၀၂၆ ရက်နေ့မှ ၉-၁၀-၂၀-၂၆ ရက်နေ့အထိ တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့၌ ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့၏ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်နှင့် ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတို့သို့ ပါဝင်တက်ရောက်ခဲ့ပြီး ညီလာခံစတုတ္ထနေ့တွင် “Enhancing good governance and empowering communities through inclusivity, trust and opportunity for all” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် General Debate တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင်က တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် “Climate Disasters, Good Governance and Climate Investment” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံသို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ညီလာခံပဉ္စမနေ့တွင် ကျင်းပခဲ့သည့် အမှုဆောင်ကောင်စီအစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုထားမှုအား ဆက်လက်ထားရှိရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ အခြေအနေများနှင့် စပ်လျဉ်းသည့် ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့သည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်သည် ယခုညီလာခံ၌ IPU ၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဩစတေးလျနိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Milton Dick အား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံအတွင်း၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဥပဒေပြုရေးတာဝန်အသီးသီးကို ထမ်းဆောင်နေသည့်အပိုင်းများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေး၊ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ အခြားတစ်ဖက်တွင်မူ  အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့၏ အတုအယောင်ရွေးကောက်မှတစ်ဆင့် ပုံဖော်ဖန်တီးထားသည့် တရားမဝင်သည့် လွှတ်တော်နှင့် အစိုးရ ယန္တရားများကို နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေမှုကို တားဆီးနိုင်ရေး၊  အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရေး၊ အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိနိုင်ရေးတို့ကို အဓိက ဆောင်ရွက်ခဲ့သည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ညီလာခံတက်ရောက်ခဲ့မှု အခြေအနေများအား ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်သူလူထုအား လေးစားစွာ အစီရင်ခံတင်ပြအပ်သည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top