မူလ / ကျန်းမာရေးဝန်ကြီးဌာန၏ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ရှင်းလင်းတင်ပြ

ကျန်းမာရေးဝန်ကြီးဌာန၏ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ရှင်းလင်းတင်ပြ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၂/၂၀၂၅)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြရာတွင် တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရေးပေါ်ကျန်းမာရေး၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးဟူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဆေးရုံ (၁၀၆) ရုံ၊ ဆေးခန်း (၈၀၈) ခု၊ ရွေ့လျားဆေးခန်း (၂၅၀) ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် မြေပြင်ဆေးရုံ၊ ဆေးခန်းအရေအတွက်မှာ (၃၅) ဆကျော် ပိုမိုများပြားလာကြောင်း၊ ထို့အပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အမျိုးသားကာကွယ်ဆေးထိုးခြင်းအစီအစဉ်၊ ကျောင်းကျန်းမာရေးပညာပေးအစီအစဉ်၊ အာဟာရဖွံ့ဖြိုးမှုအစီအစဉ်၊ ကူးစက်ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး တုန့်ပြန်မှုလုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းများကို ကျန်းမာရေး CDM များ ဖြစ်သည့် ပြည်နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံများ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံများဖြင့် စနစ်တကျ လုပ်ငန်းများ လည်ပတ်လျက်ရှိသည်ကိုလည်း တင်ပြခဲ့သည်။

ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခြင်း၊ Online မှတစ်ဆင့် ဆေးကုသမှုများ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ပို့ချခြင်းနှင့် ဆေးပညာ သင်ကြားရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ CDM Medical Network အနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား (၄) နှစ်တာကာလအတွင်း ထောက်ပံ့ငွေ စုစုပေါင်း (၇၄,၇၉၀၀၀၀) ကျပ် ပေးအပ်ခဲ့ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများကို မြေပြင်သို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းစဉ်တွင် (၄) နှစ်တာကာလအတွင်း ကျပ်ငွေ (၂၁,၆၄၅.၃၅) သန်း အသုံးပြုခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဆေးရုံနှင့်ဆေးခန်းများကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ (၁၅၈၂) ကြိမ်၊ ကျန်းမာရေးအဆောက်အဦများ ထိခိုက်ပျက်စီးမှု (၃၅၂) ခုနှင့် ကျန်းမာရေးဝန်ထမ်းများ (၁၃၅) ဦးအထိ သေဆုံးခဲ့ရမှုများအား ကြုံတွေ့ခဲ့ရသည့်အခြေအနေများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ အခက်အခဲများ တွေ့ကြုံရခြင်း၊ ဘဏ္ဍာရေးပြတ်တောက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်ဆေးရုံနှင့် ဆေးတက္ကသိုလ် အ ခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးအား ရပ်နားခဲ့သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး များဖြစ်သည့် ဒေါက်တာရွှေပုံနှင့် ဒေါက်တာခင်မောင်လွင်အပါအဝင် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

The Committee Representing Pyidaungsu Hluttaw

Scroll to Top