မူလ / ကိုဖုန်းမော် ကိုစိုးနိုင်တို့ ကျဆုံးခြင်းနှစ်ပတ်လည်သို့ ပေးပို့သော သ၀ဏ်လွှာ

ကိုဖုန်းမော် ကိုစိုးနိုင်တို့ ကျဆုံးခြင်းနှစ်ပတ်လည်သို့ ပေးပို့သော သ၀ဏ်လွှာ

class=wp-image-1176/

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံမှ
၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက် ရန်ကုန်စက်မှုတက္ကသိုလ်၌
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သော
သဝဏ်လွှာ
(၂၀၂၁ ခုနှစ်၊ မတ်လ ၁၃ ရက်)


လွန်ခဲ့သော ၃၃ နှစ်က ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) ပရဝုဏ်တွင် အာဏာ ရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖော်ထုတ်ရင်း အသက်ပေးခဲ့ကြသော ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အား ဦးညွတ်ပါ သည်။

သမိုင်းကြောင်းသည် တစ်ပတ် သံသရာလည်သကဲ့သို့ ယနေ့ခေတ် Generation Z ဟု သိကြသော ကျောင်းသား လူငယ်တို့သည် ကိုဖုန်းမော် ကိုစိုးနိုင်တို့ လက်ဆင့်ကမ်းခဲ့သော အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ် ကို ဆက်ခံလျက် တရားမျှတမှု၊ လွတ်လပ်မှုနှင့် ခွင့်တူညီမျှမှုအတွက် အသက်ပေး တော်လှန်နေကြသည်မှာ အနာဂတ်နိုင်ငံတော်အတွက် အားတက်ဖွယ် ဖြစ်ပါသည်။

နိုင်ငံ၏ ရှည်လျားသော ဒီမိုကရေစီကြိုးပမ်းမှုသမိုင်းကြောင်းအတွင်း အသိအမှတ်ပြုခံရသည်ဖြစ်စေ၊ မခံရ သည်ဖြစ်စေ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ဒီမိုကရေစီသူရဲကောင်း နိုင်ငံ့သားကောင်းများသည် ပြည်သူအားလုံး၏ နှလုံးသားတွင် ထာ၀စဉ်ရှိနေမည် ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာရှင် လူတစ်စု၏ တရားမဲ့အာဏာလုယက်မှုကို ဆန့်ကျင် ရင်း အသက်ပေးဆပ်ခဲ့ကြသည့် ကိုဖုန်းမော်တို့ကဲ့သို့သော အာဇာနည်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် ကိုဖုန်းမော် ကိုစိုးနိုင်တို့အပါအဝင် အမည်စာရင်းတွင်ရစ်သော၊ မတွင်ရစ်သော သူရဲကောင်းများစွာတို့နှင့် အတူ ယနေ့ခေတ် ကျောင်းသားလူငယ်တို့အား အစဉ်လေးစား ဂုဏ်ပြုလျက်ရှိပါသည်။

မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းကာ တိုက်ခိုက်တွန်းလှန်ရယူလိုခဲ့သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ နိုင်ငံ၏အနာဂတ်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကျွန်ုပ်တို့အားလုံး၏ အသက်နှင့် ဘ၀များကို အရင်းအနှီးပြုလျက် ဆက်လက်တိုက်ပွဲဝင်သွားကြရန် သန္နိဌာန် ပြုရင်း ကျဆုံးခဲ့သော၊ ထိခိုက်ခံစားရသော သူရဲကောင်းများအား ယနေ့ မတ်လ ၁၃ ရက်(မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့) တွင် လေးမြတ်စွာ သဝဏ်လွှာပါးအပ်ပါသည်။

Scroll to Top