၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်၊ ပထမနေ့အစည်းအဝေးကို တက်ရောက်လာ ကြတဲ့ လေးစားအပ်တဲ့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိ သံတမန်များ၊ ဧည့်သည်တော်များနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာခြင်း သုခနဲ့ ပြည့်ဝကြပါစေ၊ တိုင်းပြည်အကျိုးကို ဆထက်တပိုး ထမ်းရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နှုတ်ခွန်းဆက်အပ်ပါတယ်။
နှစ်သစ်အချိန်မှာ အခုလို လုပ်ဖော်ကိုင်ဖက်၊ ညီကိုမောင်နှမတွေ၊ စိတ်တူကိုယ်တူ ရဲဘော် ရဲဘက်တွေကို ပြန်ဆုံတွေ့ခွင့်ရတဲ့အတွက်လည်း အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အထူးသဖြင့် မတရားအာဏာသိမ်းမှု ကျူးလွန်ခဲ့တဲ့နေ့မှာပဲ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဆဲဖြစ်တဲ့ ဆရာဦးထွန်းထွန်းဟိန်ကို မတရားဖမ်းဆီးခံခဲ့ရာကနေ ပြည်သူ့တော်လှန်ရေးရဲ့ အရှိန်အဟုန်အားမာန်ကြောင့် လွတ်မြောက်လာပြီး ဒီကနေ့ လွှတ်တော်ကြီးမှာ တက်ရောက်လာနိုင် ခြင်းနှင့် တော်လှန်ရေးတာဝန်များ ထမ်းဆောင်နိုင်တော့မယ့်အတွက်လည်း အားတက် ဝမ်းမြောက်ရ ပါကြောင်းပြောကြားလိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ဆဋ္ဌမအကြိမ် လွှတ်တော်ကြီးမှာ ဦးတည်ထားချက်များဖြစ်တဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ရေးနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို ရရှိဖို့ ဆောင်ရွက်ချက်များကို ကြိုးပမ်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အခွင့်သင့်လျော်တဲ့ အချိန်ကာလကို ချင့်တွက်ပြီး ယခု သတ္တမအကြိမ်လွှတ်တော်ကြီးကို အလေးထား ကျင်းပခြင်းလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး ခရီးကြမ်းမှာ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ စတေးထားပြီးဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင်အဆုံးသတ်ပြီး ဘယ်လို အာဏာရှင်မျိုးမှ မပေါ်ပေါက်စေတော့မယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့ ပူးတွဲ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို အောင်မြင်စွာ ဖြည့်ဆည်းနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ကြ ရမယ့်တာဝန်ကို ဘယ်အကြောင်းနဲ့မှ မေ့လျော့ကျော်လွှားလို့မရပါဘူး။ အခက်အခဲ၊ စိန်ခေါ်မှုတွေ များစွာရှိနေဦးမှာဖြစ်ပေမယ့် အခုလို အရေးကြီးတဲ့ ဒီတော်လှန်ရေးကာလမှာ တက်ညီလက်ညီ၊ ရှိသမျှ အင်အားတွေကို ကျစ်ကျစ်လစ်လစ် ပေါင်းစပ်နိုင်ပြီး ကျော်လွှားနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။
အခက်အခဲတွေ ဒုနဲ့ဒေးရှိတယ်ဆိုပေမယ့် လူမဆန်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အခုလို အခြေအနေအထိ တော်လှန်နိုင်ခဲ့တာဟာ ခရီးတစ်လျှောက်မှာ အင်မတန်ကြီးမားတဲ့ အောင်မြင်မှု တစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်ဖက်မှာ အားနည်းချက်တွေကိုကြည့်ရင် များစွာရှိနေသလို ရန်သူဖက်က အားနည်းချက်တွေကတော့ မရှုမလှအနေအထားကို ကျွန်တော်တို့ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။
နွေဦးတော်လှန်ရေးကြီး (၄) နှစ်ပြည့်ချိန်၊ အခု ၂၀၂၅ ခုနှစ်ထဲမှာ သိသာတဲ့ အလှည့်အပြောင်း တွေကို ဖန်တီးပုံဖော်နိုင်ဖို့ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် တာဝန်တွေ ဆက်ကျေနေဖို့လိုသလို ရှိနေတဲ့ အင်အားတွေကိုလည်း စုစည်းအားကောင်းအောင် ဆောင်ရွက်ပြီး အဆုံးအဖြတ်တစ်ခုဆီကို ဆောင်ကြဉ်းပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ တော်လှန်ရေးသစ္စာ ခိုင်ကြည်စွာနဲ့ မဟာဗျူဟာကျကျ ညှိနှိုင်းပုံဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ သတ္တမအကြိမ်လွှတ်တော်ခေါ်ယူရခြင်းရဲ့ အကြောင်းအရင်းကလည်း နိုင်ငံရေးအရ တွန်းအားတစ်ခုကိုဖြစ်စေဖို့ ရည်ရွယ်ကျင်းပတာပဲဖြစ်ပါတယ်။ လက်ရှိနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ ပြည်သူ့အသံ၊ ပြည်သူ့ဒုက္ခကို မြင်အောင်ကြည့်၊ ကြားအောင် နားထောင် ပြီး ပြည်သူ့ဆန္ဒနဲ့အညီ ရေရှည်တည်တံ့တဲ့ ချဉ်းကပ်နည်းများဖြင့်သာ ဆက်လက်ကြိုးပမ်းသွားရမှာပဲ ဖြစ်ပါတယ်။
ဒီလိုကြိုးပမ်းဆောင်ရွက်ရမှာ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုကို အခြေတည်ပြီး မတူကွဲပြားမှုတွေကို သာလွန်အားအဖြစ် ပေါင်းစည်းနိုင်ဖို့ အင်မတန်အရေးကြီးတဲ့ အချိန် ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးကြချိန်မှာ မျှော်မှန်းချမှတ်ထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ဖို့ လက်ကိုင်ထားကြိုးစားသွား ကြရမှာဖြစ်ပါတယ်။ မြန်မာ့အရေးကူညီဖြေရှင်းပေးခြင်းနဲ့ သက်ဆိုင်ရာနိုင်ငံများနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်သွားကြဖို့နဲ့ ကမ္ဘာ့နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ပေးနိုင်တဲ့ အခွင့်အလမ်းဖြစ်စေဖို့ ကျွန်တော်တို့ လက်ခံကျင့်သုံးသွားဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ ပြည်သူက ရွေးကောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်တာ ကြောင့် ပြည်သူကို အစဉ်မျက်နှာမူပြီး ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို အသိ၊ သတိကြီးကြီးနဲ့ ပါဝင် ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ပြဿနာအရပ်ရပ်ကို ပါဝင်ဖြေရှင်းရာမှာ အင်အားစုတွေအကြား ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကူညီကြိုးပမ်းတဲ့နည်းနဲ့ ဦးတည်စဉ်းစား ကြိုးပမ်းသွားကြဖို့ လည်း လိုပါတယ်။
အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့တဲ့ အစောပိုင်းရက်ပိုင်းအတွင်းမှာပင် ပြည်သူ့ကိုယ်စားလှယ် များဟာ ပြည်သူတွေနဲ့အတူ မားမားမတ်မတ် ရပ်တည်လာခဲ့သလို စစ်အာဏာရှင်ကျဆုံးရေး၊ နိုင်ငံသစ် တည်ဆောက်ရေးအတွက် ဒီကနေ့အချိန်အထိ ကဏ္ဍပေါင်းစုံမှာ တာဝန်တွေကို ထမ်းဆောင်နေကြ တာဟာလည်း ထင်ရှားတဲ့ သမိုင်းမှတ်တိုင်ဖြစ်ပါတယ်။
အာဏာရှင်သက်ဆိုးရှည်စေမယ့်၊ ကာလရှည်ဖြစ်တည်ခဲ့တဲ့ ပဋိပက္ခတွေအတွက် အဖြေရှာ ဖို့မဖြစ်နိုင်တဲ့၊ တိုင်းရင်းသားပြည်သူများ မျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ဖို့ အာမမခံနိုင်တဲ့ ဘယ်လမ်းကိုမှ ကျွန်တော်တို့ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ သွေဖည်လျှောက်လှမ်းမှာ မဟုတ်ပါဘူးဆိုတာ ခိုင်မာစွာ ရပ်တည်ထားရမှာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာ့အရေးကို ကူညီဖြေရှင်းရာမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ဝေးကွာစေပြီးတော့ စစ်အာဏာရှင်များကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုကို ပိုအထိနာစေမယ့်လမ်းကို တွန်းမပို့ကြဖို့ တိုက်တွန်းပါတယ်။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလား ပြင်းပြတဲ့ စိတ်ရှည်ဇွဲရှိမှုကို ဘယ်လိုအတားအဆီးကမျှ ဟန့်တားနိုင်မှာ မဟုတ်ဘူးဆိုတာ မျက်ဝါး ထင်ထင် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်စစ် အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ ဒီကနေ့အချိန်ထိ တိုးမြှင့်နေဆဲဖြစ်ပါတယ်။ ဒါတွေကိုတားဆီးနိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တိုက်တွန်းပါတယ်။ မြန်မာ့အရေးကို ကူညီဖြေရှင်းဖို့ ချဉ်းကပ်တဲ့အခါမှာ ရေရှည် တည်တံ့တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ အကျိုးဖြစ်ထွန်းမှုတွေအတွက် သေချာစဉ်းစားသုံးသပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
လေးစားအပ်တဲ့ နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်များခင်ဗျား-
ဒီကနေ့အချိန်ဟာ တိုင်းပြည်အတွင်းမှာ စစ်ရေးအရ အသာရနိုင်ဖို့ ဆက်လက်ကြိုးစားဖို့ လိုသလို နိုင်ငံရေးအရ အလှည့်အပြောင်းကို ကြံဆောင်ကြဖို့ ကျွန်တော်တို့ တွဲလက်ကို ခိုင်ခိုင်ထားပြီး ရှေ့ဆက်သွားကြရမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စုပေါင်းအဖြေရှာနိုင်ဖို့ ဦးတည် ကြရင်း လက်ရှိစိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း ဒီယုံကြည်ချက်နဲ့အတူ မဟာမိတ်တော်လှန်ရေးအင်အားစု အသီးသီးနဲ့ ဆက်လက် လက်တွဲကြိုးပမ်းသွားမယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အရေးတော်ပုံ မုချ အောင်ရမည်။


