၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူသားစာနာကဏ္ဍတွင် နေရပ်စွန့်ခွာသူများနှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ထောက်ပံ့ကူညီခြင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ကျန်ရစ်သူ မိသားစုဝင်များ၊ နိုင်ကျဉ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ထိခိုက်လွယ်ပြည်သူများ (မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ) နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အရန်ဆန် သိုလှောင်မှု အစီအစဉ်များ၊ ဗုံးခိုကျင်း တည်ဆောက်ပေးခြင်းနှင့် အသိပညာပေးခြင်းကဏ္ဍတို့အတွက် လိုအပ်သော နည်းပညာနှင့် ငွေကြေးအပြင် လူသားစာနာကဏ္ဍလိုအပ်ချက်အတွက် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ လကုန်အထိ ငွေကျပ် (၁၈.၂) ဘီလီယံ သုံးစွဲခဲ့ကြောင်း၊ အပတ်စဉ် မိုးလေဝသသတင်းနှင့် အရေးပေါ် မိုးလေဝသ ကြိုတင် အသိ/ သတိပေး ခန့်မှန်းချက်များ ထုတ်ပြန်ခြင်း၊ ရာသီဥတု အချိန်အခါအလိုက် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ သိမြင်နားလည်နိုင်ရေး အသိပညာပေးခြင်း၊ ကာလကြာရှည် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ဝင်ငွေရအလုပ်အကိုင်များ ရရှိနိုင်ရေး ပံ့ပိုးပေးနိုင်ရန် အလှူရှင်အဖွဲ့အစည်းများ ရှာဖွေ၍ ချိတ်ဆက်ပေးခြင်း အစရှိသည့် ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အစည်းအဝေးအား ၂၀၄၅ နာရီအချိန်တွင် ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw



