ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂၆/၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့၊ ၁၉၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနား ကျင်းပခြင်းနှင့် ရေးရာကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့သည်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့် အမှာစကားပြောကြားပြီးနောက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဦးအောင်ကျော်မိုးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ဘဏ္ဍာရေးရာကော်မတီ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီတို့က ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြခဲ့ကာ အစည်းအဝေးအား ရပ်နားခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
The Committee Representing Pyidaungsu Hluttaw
