ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏အပတ်စဥ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနသည် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ လာရောက်ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ည (၁၉:၀၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြား၍ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာနရှိ ဌာနများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများရေးဆွဲခြင်း၊ ရန်ပုံငွေ ရှာဖွေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ CDMer များအား ထောက်ပံ့ကူညီပေးခြင်း၊ အမျိုးသားညီညွတ် ရေးအစိုးရအား အသိအမှတ်ပြု ဆက်ဆံလာရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဝန်ကြီး ဌာန၏ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှု များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြသည်။
ထို့နောက် ရေးရာကော်မတီများက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြဆွေးနွေး၍ ရှေ့ဆက်အကော်အထည်ဖော်ဆောင်မည့်ကိစ္စရပ်များအား ညှိနှိုင်း တိုင်ပင်ကာ အစည်းအဝေးအား (၂၃:၁၁) နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အလုပ် သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ


