ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ ၁၉၀၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံ က ဝန်ကြီးဌာန၏ ဖက်ဒရယ်ကျန်းမာရေးစနစ် တည်ထောင်ခြင်းနှင့် လူထုအခြေပြု ကျန်းမာရေးစနစ် တည်ထောင်ခြင်းကဏ္ဍ၊ Federal Health Myanmar ခေါင်းစဥ်ဖြင့် Online မှ သင်တန်းပေးနေခြင်းကဏ္ဍ၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြန်လည်စတင်ခြင်းကဏ္ဍ၊ အမျိုးသားကျန်းမာရေးညီလာခံနှင့် ဖက်ဒရယ်ကျန်းမာရေးစနစ်ဖော်ဆောင်ရန် အမျိုးသား ကျန်းမာရေးနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကဏ္ဍ၌ မြေပြင်ကျန်းမာရေးနှင့်အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ၊ အခြားကျန်းမာရေးစောင့်ရှောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်နိုင်မှုမှတ်တမ်းများနှင့် တိုးတက်မှုအခြေအနေများအပြင် Zero Suicide Campaign၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းနှင့် နွေဦးဆေးခန်းတို့ ဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ ကုသရေးလုပ်ငန်းလမ်းညွှန်များ ထုတ်ဝေခြင်း၊ ကျန်းမာရေးပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသုံးစရိတ်များ သုံးစွဲမှုအခြေအနေနှင့် ဝန်ကြီးဌာနအနေဖြင့် ကြုံတွေ့ရသော အခက်အခဲနှင့်စိန်ခေါ်မှုများအား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဆက်လက်ကျင်းပရာ NUCC ရေးရာကော်မတီ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီတို့က လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရေးရာကော်မတီများအလိုက် တင်ပြခဲ့ကြပြီး အစည်းအဝေးအား ၂၂၃၅ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
The Committee Representing Pyidaungsu Hluttaw


